ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့နယ်အတွင်း တပ်မတော်နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့် တပ်ဖွဲ့ (MNDAA) တို့ ယနေ့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ဟု MNDAA ၂၁၁ တပ်မဟာမှူး ယန်ကွမ်းခွာ က ဧရာတီကို ပြောသည်။
တပ်မဟာမှူး ယန်ကွမ်းခွာက “ဒီနေ့တနေကုန် ပစ်နေပါတယ်။ အခုဖြစ်နေတဲ့ နေရာက လောက်ကိုင်မြို့ရဲ့ အပြင်ဘက်က တောင်ကြောမှာ ဖြစ်နေတာပါ။ ဒီမှာ ကျနော်တို့ တပ်စခန်းတွေ လှုပ်ရှားတဲ့ တောင်ကြောပါ။ ဒီတောင်ကြောကို ရှင်းထန် ဟုန်ပါး လို့ ခေါ်ပါတယ်”ဟု ဧရာဝတီကို ပြောပြသည်။
ယန်ကွမ်းခွာက ၎င်းတို့ MNDAA တပ်ဖွဲ့များ ရှိရာ တောင်ကြောတွင် တပ်မတော်နှင့် ပစ်ခတ်မှုများ၊ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်မှာ ၂ လ ဝန်းကျင်ထိ ကြာမြင့်နေပြီ ဖြစ်ကြောင်း၊ အထက်အရာရှိများက ပြန်လည် တိုက်ခိုက်ရန်သာ ညွှန်ကြားထားကြောင်း ပြောသည်။
MNDAA နှင့် မဟာမိတ် ဖွဲ့ပြီး ရောက်ရှိနေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) မှ ဗိုလ်မှူးကြီး စောဆန်းအောင် ကလည်း တိုက်ပွဲဖြစ်ပွားနေကြောင်း၊ လေယာဉ်များလည်း ပျံဝဲပြီး ပစ်ခတ်မှုများ ရှိကြောင်း ပြောသည်။
တပ်မတော်ကမူ ကိုးကန့်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ထားခြင်း တစုံတရာ မရှိပါ။ တပ်မတော်မှ ပြောရေးဆိုခွင့် ရှိသူ များကို ဧရာဝတီက ဆက်သွယ်သော်လည်း ဖြေဆိုခြင်း မရှိပါ။
MNDAA သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ချုပ်ဆိုထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင် မြို့နယ်အတွင်း MNDAA မှ တပ်မတော် တပ်စခန်း များနှင့် ရဲစခန်းများကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် အစိုးရက လက်နက်စွန့်မှ ငြိမ်းချမ်းရေး ဆွေးနွေးခွင့် ရမည်ဟု ပြောဆိုခံ ထားရသည့် အဖွဲ့ဖြစ်သည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်ကလည်း MNDAA အပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ တို့ ပူးပေါင်းပြီး ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်နှင့် မုံးကိုးမြို့နယ် တို့အတွင်း တပ်မတော် တပ်စခန်းများ၊ လမ်းများ၊ ရဲစခန်းများကို တိုက်ခိုက်ခြင်းများ ပြုလုပ်ထားသဖြင့် တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားထားသည်။