မွန်ပြည်နယ် မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ်ကို ဆက်သွယ်ပေးမည့် သံလွင်မြစ်ကူးတံတားကို မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ အမည်ကို ပေးထားရာမှ ဒေသခံများ၏ ကန့်ကွက်မှုကြောင့် “ရာမည”တံံတားဟု ပြောင်းလည်းခေါ်ဆိုရန် ဆုံးဖြတ်လိုက်ကြောင်း တိုင်းရင်း သားရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ဧရာဝတီကို ပြောသည်။
ဝန်ကြီး နိုင်သက်လွင်က “ဒေသခံတွေက သဘောမတူတော့ တံတားနာမည်ကို ရာမညလို့ အမည် ပြောင်းလိုက် တယ်။ မွန်ပြည်နယ် ဝန်ကြီးချုပ်က မနေ့က ပြောတာ။ ရာမညတံတားလို့ ခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်”ဟု ဆိုသည်။
ရာမညဆိုသည်မှာ မွန်ဒေသဟု အမည်ရကြောင်း၊ ယခု အမည်ကို ဒေသခံများကလည်း သဘောတူနိုင်ကြောင်းလည်း ၎င်းကရှင်းပြသည်။
မြန်မာကျပ်ငွေ ၆၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၄၄ သန်း)ခန့် ကုန်ကျသည့် ရာမညအမည်ပေးမည့် သံလွင်မြစ်ကူးတံတား မှာ ပေ ၅၂၀၀ ရှိပြီး ၂လမ်းသွားဆောက်လုပ်ထားခြင်းဖြစ်ကာ မတ်လတွင် ပြီးစီးမည်ဖြစ်သည်။
တံတားဖွင့်ပွဲကို မနက်ဖြန် ဖေဖေါ်ဝါရီ ၁၃ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သော်လည်း တံတားအမည်နှင့် ပတ်သက်၍ ဒေသခံများ၏ ကန့်ကွက်မှုကြောင့် တံတားဖွင့်ပွဲကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
နေပြည်တော်ရှိ ဧရာဝတီသတင်းထောက် ထက်နိုင်ဇော် ပေးပို့သည်။