ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မသင်္ကာဖွယ်ရာ လူ ၅ ဦးကို ဖမ်းဆီးရမိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး၏ လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာ၌ ဖော်ပြထားသည်။
မောင်တောမြို့နယ် ကျီးကန်းပြင်တောင်မှ ကျွဲတပြင် ကျေးရွာဘက်သို့ ဦးတည်လာနေသည့် မသင်္ကာဖွယ်ရာ လူ ၅ ဦးကို နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် ပူးပေါင်း တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညတွင် ဖမ်းဆီးမိခြင်း ဖြစ်သည်။
ဖမ်းမိသူများမှာ အာဂျီဒူရာမန်၊ ဖာရိုး၊ ရှောင်ရှုအာလောင်၊ မာမောက်အီဆက်၊ ရှုနာမြာ တို့ဖြစ်ပြီး ၎င်းတို့အား ဥပ ဒေ ကြောင်း အရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပြီး ဖမ်းမိထားသူများသည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ် ကျီးကန်းပြင် နှင့်လုံခြုံရေး စခန်းများအား အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သူများ ဟုတ်၊ မဟုတ် နှင့် ပတ်သက်၍ ဖော်ပြထားခြင်း မရှိပေ။
ထို့အတူ မောင်တောမြို့နယ် အောင်ဇေယျ ရဲစခန်း အနီးသို့ ချည်းကပ်လာသည့် မသင်္ကာဖွယ်ရာ လူ ၆ ဦးကိုလည်း စခန်း တွင်းမှ ခြောက်လှန့်ပစ်ခတ်မှု တခု ဖေဖော်ဝါရီလ ၃ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ထိုသူများမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသည်။
မောင်တော အကြမ်းဖက်မှု တွင် ပါဝင်ပတ်သက်သူ စုစုပေါင်း ၄၀၀ ကျော် အထိ ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် အချို့အား ပြန်လည် လွှွှတ်ပေးခဲ့ကြောင်း အစိုးရက ထုတ်ပြန်သည့် သတင်းများအရ သိရသည်။