နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်ရှိ စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်တွင် သွားရောက်မည်ဟူသည်မှာ မဟုတ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရသူ ဦးဇော်ဌေးက ပြောသည်။
“ကချင်ပြည်နယ် ခရီးစဉ်ကို ကျနော်တို့ သွားမယ်လို့ မပြောခဲ့ဘူး။ ကျနော်တို့က ဟိုပြဒီပြတော့ ပြတယ်။ ခရီးစဉ်အတွက်လည်း လမ်းကြောင်းတွေတော့ လိုက်ကြည့်ခိုင်းလိုက်တယ်။ အဲဒါကို သတင်းထောက်တွေက အဲဒီကို လာမယ်ထင်နေကြတာ။ ကျနော်တို့ အစကတည်းက အစီအစဉ် မရှိဘူး” ဟု ဦးဇော်ဌေးက ဧရာဝတီသို့ တယ်လီဖုန်းမှ တဆင့် ပြောဆိုသည်။
ကချင်စစ်ရှောင်ဒုက္ခသည်များနှင့် နီးစပ်သူများ၏အဆို ဒေါ်အောင်ဆန်းစုကြည် လာရောက်လျှင် မည်သည့်စခန်းသို့ သွားမည်၊ မည်သည့်အကြောင်းအရာများ တင်ပြမည်၊ ညစာစားပွဲအတွက် မည်သို့လုပ်မည်တို့ကို ပြင်ဆင်ထားခဲ့ကြကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်စစ်ရှောင် ဒုက္ခသည်များအတွက် ကျပ်ငွေ သိန်း ၃၀၀၀ ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံ ပေးလှူခဲ့သည်။