ရခိုင်ပြည်နယ် ဖွံ့ဖြိုရေး ကျပ်သန်း ၃၆၀၀ ကျော် သုံးမည်
ရခိုင်ပြည်နယ်ရှိ ဒေသခံများ လူမှုစီးပွားရေး ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စု အစိုးရ၏ သီးသန့်ရန်ပုံငွေမှ မြို့ နယ် ၁၆ မြို့နယ်၌ လမ်း၊ တံတား လုပ်ငန်း ၁၈ ခု တည်ဆောက်ရန် ကျပ်သန်း ၃၆၅၆ ဒသမ ၈၂၀ သန်း သုံးစွဲခွင့်ကို ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးလိုက်သည်။
သီးသန့် ရန်ပုံငွေ မရရှိသည့် ရသေ့တောင် မြို့နယ် အတွက်လည်း ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီက နိုင်ငံတော်၏ ရန်ပုံငွေဖြင့် လမ်းတံတား စီမံကိန်း တခုကို ဆောက်လုပ်ရေး ဝန်ကြီးဌာန စီစဉ်မှုဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုဝန်ကြီး ဦးလှကျော်က ပြောသည်။
“ရသေ့တောင်မြို့နယ်အတွင်း ကျောက်တန်း တိုက်နယ် ကျေးရွာ ၁၃ ရွာဆက် လမ်းမ ၁ ဒသမ ၅ ဖာလုံကို ကွန်ကရစ် ခင်း ခြင်း လုုပ်ငန်းနဲ့ ၃၀ ပေ၊ ၁၄ ပေ ကွန်ကရစ် တံတား တစင်း တည်ဆောက်ခြင်း လုပ်ငန်းတို့ ရသေ့တောင် မြို့နယ်မှာ ဆောင်ရွက်သွားဖို့အတွက် စီစဉ်ထားရှိပြီး ဖြစ်ပါတယ်” ဟု ဦးလှကျော်က ပြောသည်။
ရခိုင်ပြည်နယ်အတွက် သီးသန့်ရန်ပုံငွေ ခွင့်ပြုရာတွင် ရသေ့တောင်မြို့နယ် မပါဝင်ခြင်းကို ရသေ့တောင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက မေးခွန်းထုတ်ခဲ့သဖြင့် အစိုးရက ပြန်လည် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။