လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည့် ကရင်အမျိုးသားအစည်းအရုံး KNU အတွင်းရေးမှူးဟောင်း ဖဒိုမန်းရှာလာဖန်း၏ ၉ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားနှင့် အထိမ်းအမှတ် ရုပ်တုဖွင့်ပွဲကို ၎င်း၏ဇာတိမြေဖြစ်သည့် ပန်းတနော်မြို့နယ် တောကျောင်းကျေးရွာတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ဖဒို မန်းရှာလာဖန်းရုပ်တုဖွင့်ပွဲတွင် KNU အဖွဲ့၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အပါအဝင် နိုင်ငံရေးအင်အားစုများ၊ ဒေသခံ ရဟန်းသံဃာနှင့် ပြည်သူ ၃၀၀ ကျော် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဖဒိုမန်းရှာ၏ သားသမီးများ တည်ထောင် ထားသည့် ဖန်းဖောင်ဒေးရှင်းက ပေးအပ်သည့် ဖဒိုမန်းရှာလာဖန်း လူငယ်ခေါင်းဆောင်ဆုကို ဧရာဝတီတိုင်းတွင် ပိုးကရင်စာပေ တိုးတက်ထွန်းကားရေးဆောင်ရွက်ခဲ့သူ
စသူလှိုင်ဝင်းက ရရှိခဲ့ကြောင်း သိရသည်။
တိုင်းရင်းသားအင်အားစုများနှင့် ဒီမိုကရေစီ အင်အားစုများ စုစည်းညီညွတ်ရေးကို ကြိုးပမ်း ဆောင်ရွက်ခဲ့သူ ဖဒို မန်းရှာလာဖန်းမှာ မသမာသူ လူတစ်စုက ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ နေအိမ်ထဲသို့ဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံမှုကြောင့် ကျဆုံးခဲ့သည်။