သတင်းတို

ပန်းတောင်း ရွှေဘုံသာမုနိ ဂေါပကအသစ်ရွေးချယ်ရန် ဆန္ဒပြ

ပြည်မြို့ ဧရာဝတီမြစ် အနောက်ဘက်ကမ်း၊ ပန်းတောင်းမြို့နယ် ရွှေဘုံသာကျေးရွာ ရွှေဘုံသာမုနိ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့တွင် အကျင့်ပျက် ခြစားမှုကြောင့် တာဝန်မှ ရပ်စဲထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး တဦးက ပါဝင်နေသဖြင့် ပြန်လည်ရွေးချယ်ပေးရန် ပြန်လည်ရွေးချယ်ပေးရန် ယနေ့ နံနက်ပိုင်းတွင် ဒေသခံ ၁၀၀ ကျော်က ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

၎င်းဂေါပက အဖွဲ့ဝင်မှာ ၂၀၁၃ ခုနှစ်ကတည်းက တာဝန်မှ ရပ်စဲခံခဲ့ရခြင်း ဖြစ်ပြီး ယင်းကိစ္စအပေါ် ပြီးခဲ့သည့် တလကျော်က တာဝန်ရှိသူများထံ စာဖြင့် တင်ပြခဲ့သော်လည်း အရေးယူ ဆောင်ရွက်ခြင်း မရှိသဖြင့် ပြည်မြို့ အနောက်ဘက်ကမ်း နဝဒေးတံတား အနီးမှစ၍ ရွှေဘုံသာမုနိ စေတီရှေ့အထိ “ရွှေဘုံသာ ဘုရား ဂေါပကအဖွဲ့ ပြန်လည် ရွေးချယ်ပေးရေး၊ အမှန်တကယ် သီလ သမာဓိပြည့်စုံသူ ပါဝင်ရေး၊ အကျင့်ပျက်ချစားသူ ပပျောက်ရေး၊ ဘုရားအဆုံးအမကို ဆန့်ကျင်သူ အလိုမရှိ” စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြပွဲကို ဦးဆောင်သူ ရွှေဘုံသာကျေးရွာမှ ကိုခင်မောင်ေဋ္ဌးက “ဒီလူကိုဖြုတ်ပေးဖို့ စောင့်နေတာ ဖြုတ်မပေးတဲ့အတွက် ဆန္ဒပြရတာပါ။ အလှူခံပုံး ဖေါက်တာကအစ ပွင့်လင်းမြင်သာမှု မရှိခဲ့ပါဘူး။ ငွေစာရင်း ရှင်းတမ်း တွေမှာလည်း ပွင့်လင်းမြင်သာမှု မရှိခဲ့ပါဘူး။ ဒါကိုသိချင်လို့ ရွှေဘုံသာရွာ အုပ်ချုပ်ရေးမှူးက မေးတဲ့အခါ ဂေါပကတဦးက မင်းလာစရာမလိုဘူး၊ မင်းသိစရာမလိုဘူးလို့ ပြောပါတယ်။ သိက္ခာ သမာဓိ မရှိတဲ့ ဂေါပကတွေ ဖြစ်တဲ့အတွက် ဒါကိုကျနော်တို့ မလိုအပ်ပါဘူး” ဟု ဆိုသည်။

ရွှေဘုံသာမုနိ ဂေါပကအဖွဲ့ဝင်များ အဖြစ် ရွေးချယ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးဌာန၊ သာသနာရေး၊ တိုင်းဦးစီးမှူးများက ဦးဆောင် ကြပ်မတ်ကာ ၄ နှစ်တကြိမ် ရွေးကောက်ပွဲ ပြုလုပ်လေ့ရှိကြောင်း၊ ဂေါပက အဖြစ် လျှောက်ထားခွင့်ကို ကျေးရွာ၊ ရပ်ကွက်များသို့ လျှောက်လွှာများ ပေးထားကြောင်း သိရသည်။

နောက်ဆုံးအကြိမ် ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် မေလ ၁ ရက်နေ့က ရွေးချယ်ခဲ့သော်လည်း ဒေသခံများအား အသိမပေးပဲ လျို့ဝှက်စွာ ပြုလုပ်ခဲ့ခြင်း မဟုတ်ဘဲ နာယက ဆရာတော်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများရှေ့တွင် စည်းကမ်းချက်များ နှင့်အညီ တရားဝင် ရွေးကောက်ပွဲ ပြုလုပ် ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး ဂေါပကအဖွဲ့ဝင်များ၏ ပုဂ္ဂိုလ်ရေးပြဿနာများကို မသိကြောင်း ရွှေဘုံသာ ဂေါပကအဖွဲ့ဝင် ဦးစိန်ဝင်းကပြောသည်။

Loading