ဗင်နီဇွဲလား ဒုသမ္မတ တာရက်ခ် အီလ်အစ္စာမိ (Tareck El Aissami) အပေါ် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုနှင့် ငွေကြေးခဝါချမှုတို့တွင် ပါဝင်ပတ်သက်မှုများ ရှိခဲ့ခြင်းကြောင့် ဒေါ်နယ်ထရမ့် အစိုးရက အရေးယူ ပိတ်ဆို့မှု ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။
အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနကလည်း ဒုသမ္မတ အီလ်အစ္စာမိနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှု သံသယ ရှိသည့် အခြား ဗင်နီဇွဲလားနိုင်ငံသား တဦးတို့သည် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု တနင်္လာနေ့က ကြေညာခဲ့သည်။ အီလ်အစ္စာမိက ၎င်းအပေါ် အထောက်အထား မပါသည့် စွပ်စွဲချက်များကို ငြင်းဆိုပြီး၊ ၎င်း၏ ရုံးအဖွဲ့ကလည်း အမေရိကန်၏ ကြေညာချက်ကို တစုံတရာ မှတ်ချက်ပြု ပြောဆိုရန်လည်း ငြင်းပယ်ခဲ့သည်။
“ဗင်နီဇွဲလားကနေ မူးယစ်ဆေးဝါးများ သင်္ဘောဖြင့် ပို့ဆောင်ရာတွင် အဆင်ပြေ ချောမောအောင် အကူအညီ ပေးခဲ့ခြင်း၊ ဗင်နီဇွဲလား လေကြောင်းလိုင်းများ၊ ဆိပ်ကမ်းများကို ထိန်းချုပ်ထားခြင်း၊ ထို့အပြင် မူးယစ်ဆေးဝါး ရောင်းဝယ် သယ်ဆောင်သူ အချင်းချင်း ချိတ်ဆက်ရာတွင်လည်း ပါဝင်ကူညီခဲ့သည့် အပြင် ဗင်နီဇွဲလားတွင် မူးယစ်ဆေးဝါး တိုက်ဖျာက်ရေး လုပ်သည့် အခါတွင်လည်း အကာအကွယ် ပေးမှုများ ရှိခဲ့သည်” ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အီလ်အစ္စာမိက ၎င်းအား မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ဆက်စပ် ပတ်သက်နေသည် ဟူသည့် စွပ်စွဲချက်များကို ငြင်းဆိုထားပြီး ၎င်းအား သက်သက်သိက္ခာကျစေရန် ရည်ရွယ်ပြောဆိုခြင်း ဖြစ်ကြောင်း၊ အကယ်၍ မည်သူတဦး တယောက်က ဖြစ်စေ သက်သေအထောက်အထားနှင့် ထုတ်ဖော်တင်ပြလာပါက ၎င်းကိုယ်၎င်း အာဏာပိုင်များ လက်ကို အပ်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
အီလ်အစ္စာမိအား ၂၀၁၁ ခုနှစ်က အမိမြေ လုံခြုံရေး ဌာန (Homeland Security Department) နှင့် မူးယစ်ဆေးဝါး တိုက်ဖျက် ထိန်းချုပ်ရေး အဖွဲ့ (Drug Enforcement Administration) တို့က စုံစမ်ထောက်လှမ်းများ ပြုလုပ်ခဲ့ရာ အရှေ့အလယ်ပိုင်း ဒေသ၊ အထူးသဖြင့် လက်ဘနွန်တွင် ငွေကြေး ခဝါချမှုများ ရှိခဲ့သည် ဟုလည်း ဆိုသည်။
အသက် ၄၂ နှစ် အရွယ်ရှိ အီလ်အစ္စာမိသည် ဆီးရီးယားနှင့် လက်ဘနွန်ရွှေ့ပြောင်းလာသူများမှ မွေးဖွားလာသူ ဖြစ်ပြီး ဗင်နီဇွဲလားနိုင်ငံ၏ အငြင်းပွားဖွယ် နိုင်ငံရေးသမားတဦးလည်း ဖြစ်သည်။ ။