သတင်းတို

မိုးညှင်းတွင် ကျောက်စိမ်းအရိုင်းတုံး ၂၁ တန်ခန့် ဖမ်းမိ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ကုန်တင်ယာဉ်ကြီးများနှင့် တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်း အရိုင်း တုံး ၂၁ တန်ခန့်ကို ဖမ်းဆီးရမိထားကြောင်း မိုးညှင်းရဲစခန်းမှ သတင်း ရရှိသည်။

ကျောက်စိမ်း အရိုင်းတုံးများကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညပိုင်းက ဖားကန့်ဒေသမှ မန္တလေးဘက်သို့ မောင်းနှင်လာ သည့် ကုန်တင်ယာဉ် ၈ စီးအား စစ်ဆေးရာမှ တရားမဝင် ကျောက်စိမ်းအရိုင်းတုံး တန် ၂၀ ခန့် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းတွင်လည်း ၎င်းလမ်းကြောင်း အတိုင်း မောင်းနှင်လာသည့် ကုန်တင်ယာဉ် ၇ စီး ကို စစ်ဆေးရာမှ တစီးပေါ်တွင် တရားမဝင် ကျောက်စိမ်း အရိုင်းတုံး ၁ တန် ခန့် ဖမ်းမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားသည်။

မိုးညှင်းရဲစခန်း တာဝန်ကျ ရဲတပ်သား တဦးက “ဖားကန့်က ဆင်းလာတဲ့ ကျောက်တွေပါ၊ ပိုင်ရှင်တွေ နဲ့ ပတ်သက်ပြီး လည်း ဆက်လက် စစ်ဆေးနေဆဲပါ”ဟု ဧရာဝတီသို့ ပြောသည်။

စစ်ဆေးမှုများ အရ ကျောက်စိမ်း အရိုင်းတုံးများမှာ မိုးထိအောင် ကုမ္ပဏီနှင့် စိမ်းလန်းစိုပြေ ကုမ္ပဏီ တို့မှ ပိုင်ဆိုင် ကြောင်း သိရပြီး လက်ဝယ် ဖမ်းမိခဲ့သည့် အမျိုးသား ၂၈ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို ကျောက်မျက် ဥပဒေ ပုဒ်မ ၄၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မိုးညှင်းရဲစခန်းက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် ကျောက်စိမ်း အရိုင်းတုံးများကို မိုးညှင်းဒေသ အခြေစိုက် အမြောက်တပ်ရင်း အတွင်း ထိန်းသိမ်းထားကာ ဆက်လက် စစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။

Loading