မြန်မာနိုင်ငံရှိ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ရွှေတိဂုံစေတီတော်၊ မန္တလေးမြို့ရှိ ကုသိုလ် တော်ဘုရားနှင့် ရတနာပုံခေတ် ခံတပ်များဖြစ်သည့် ဆင်ကျုံး၊ သပြေတန်း၊ အစေခံခံတပ်နှင့် မုံရွာမြို့နယ်ရှိ ဖိုလ်ဝင်တောင်တို့အပြင် ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရသည့် ပုံတောင်ပုံညာဒေသ ဗဟင်းရွာတို့ကို အနာဂတ် ၌ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရေးအတွက် UNESCO ထံသို့ ယာယီစာရင်း (Tentative List) ထည့် သွင်းရန် စီစဉ်နေကြောင်း သိရပါ တယ်။
ယခုလ ဖေဖော်ဝါရီလ ၁၃- ၁၄ရက်များတွင် ရန်ကုန်မြို့ရှိ ရှေးဟောင်းသုတေသနဌာနတွင် ပြုလုပ်သည့် Meeting on Roadmap for Cultural World Heritage in Myanmar ( မြန်မာနိုင်ငံရှိ ယဉ်ကျေးမှု အမွေ အနှစ်များ ကမ္ဘာ့အမွေအနှစ်ဖြစ်ရေးအတွက် ဆောင်ရွက်ရေးလုပ်ငန်းစဉ် ဆိုင်ရာအစည်းအဝး)တွင် ဆွေးနွေး သုံးသပ်ခြင်းဖြစ်ပါတယ်။
၁၉၉၆ ခုနှစ် စစ်အစိုးရ လက်ထက်မှာ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များဖြစ်တဲ့ အင်းဝ၊ စစ်ကိုင်း၊ အမရပူရ၊ မင်းကွန်း၊ မန္တလေး မြို့ဟောင်းများ၊ မွန်ရှေးဟောင်းမြို့ ပဲခူး ဟံသာဝတီ၊ ရခိုင်ပြည် မြောက်ဦး ဒေသ၊ ပုဂံရှေးဟောင်း အမွေအနှစ် ဒေသရှိ အဆောက်အအုံများ၊အုံတုံ၊ စလေ၊ ပခန်းကြီး၊ ပခန်းငယ်၊ လယ်ကိုင်း ကျောင်းတော်ရာ၊ စကု၊ ရွှေကျောင်း(မန္တလေး)တို့မှာရှိတဲ့ သစ်သားဘုန်းကြီး ကျောင်းတွေနဲ့ သဘာဝဆိုင်ရာ အမွေအနှစ် အဖြစ် ပြဒါးလင်းဂူ၊ အင်းလေးကန် တို့ကိုလည်း ကမ္ဘာ့ အမွေအနှစ်တင်သွင်းဖို့ UNESCO ကို အဆိုပြုစာရင်း တင်သွင်းခဲ့ပါသေး တယ်။
ပျူမြို့ဟောင်းများဖြစ်သည့် ပြည်မြို့အနီးရှိ သရေခေတ္တရာ၊ တောင်တွင်းကြီးမြို့ရှိ ဗိဿနိုး၊ ဟန်လင်း တို့ကို ၂၀၁၄ခုနှစ် ဇွန်လက ပြုလုပ်သည့် ၃၈ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီက ကမ္ဘာ့အမွေ အနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြု ထည့်သွင်းခဲ့ပါတယ်။