နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးစီးဖော်ဆောင်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ ၁၉၄၇ ခုနှစ် သမိုင်းဝင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသား ကိုယ်စားလှယ်များ၏ မိသားစုဝင်များက သဘောတူညီကြောင်း ပြောဆိုကြသည်။
အဆိုပါ မိသားစုဝင်အားလုံးသည် ပင်လုံမြို့တွင် ကျင်းပသော နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ၂၁ ရာစု ပင်လုံကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး အတွက်ပြုလုပ်မည့် မည်သည့် ဆောင်ရွက်မှုမျိုးမဆို ထောက်ခံကြောင်း သဘောထား ကြေညာချက်တွင် ပါဝင်သည်။
မြန်မာနိုင်ငံကို လက်ရှိပထဝီအနေအထားအတိုင်း ဖြစ်ပေါ်စေခဲ့သော သွေဖယ်စေသော ပြုမူလုပ်ဆောင်ချက် အားလုံးကို လုံးဝ ဆန့်ကျင် ရှုတ်ချကြောင်းနှင့် တောင်တန်း- ပြည်မ စည်းလုံးစွာ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကို ခေတ်နှင့် လျော်ညီစွာ ပြန်လည် ချဉ်းကပ်ခြင်းဖြင့် မြန်မာနိုင်ငံ တဝှမ်းလုံး၏ ငြိမ်းချမ်းရေးအား ဆောင်ကျဉ်းပေးနိုင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။
သာမိုင်းခမ်းစော်ဘွား စဝ်ထွန်းအေး၏ မြေး စဝ်သာအေး က “၂၁ ပင်လုံဟာ လက်ရှိအနေအထားမှာ ငြိမ်းချမ်းရေးအတွက် အထင်ကရ အနေနဲ့ နာမည်ပြထားပြီးတော့ လုပ်တဲ့ ညီလာခံကြီး ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ထောက်ခံခြင်း ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အပိုဒ် ၅ ပိုဒ် ပါဝင်သည့် သဘောထားကြေညာချက် ၂၁ ရာစု ပင်လုံကို လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား ကိုယ်စားလှယ် များ၏ မိသားစုဝင် ၂၁ ဦးမှ လက်မှတ်ရေးထိုးခဲ့သော်လည်း လူထုကိုယ်စားလှယ် ဦးခွန်စော ၏ မိသားစုဝင်များမှာ သဘောထား ကြေညာချက်ပါ အပိုဒ် ၄ နှင့် ၅ ၏ အကြောင်းအရာ အချို့အပေါ် မရှင်းလင်းသဖြင့် လက်မှတ်ရေးထိုးခြင်း မပြုခဲ့ကြောင်း သိရသည်။
လူထုကိုယ်စားလှယ် ဦးခွန်စော ၏ မြေးဖြစ်သူ ဦးဝင်းဝဏ္ဏဝင်း က “ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း အပြည့်အဝ ထောက်ခံသလို ၂၁ ပင်လုံ ညီလာခံကို အကြွင်းမဲ့ ထောက်ခံပြီး တတ်စွမ်းသ၍ ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသ၍ ဝိုင်းဝန်းကူညီ လုပ်ဆောင်မယ်။ အပိုဒ် ၄ နဲ့ ၅ အပေါ်မှာ ရှင်းရှင်းလင်းလင်း မရှိတဲ့ အတွက် ကျနော်တို့က လက်မှတ် မထိုးခဲ့တာဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သဘောထား ကြေညာချက်သည် စုဝေး၊ ညှိနှိုင်းတိုင်ပင်၍ ရလာသော ရလဒ် မဟုတ်ဘဲ အသင့်ရေးပြီးထားသော အပိုဒ် ၅ ပိုဒ်အား သဘောတူ၊ မတူ ပြ၍ လက်မှတ်ထိုးခိုင်းသည့် အနေအထားဖြစ်၍ ဘဝင်မကျကြောင်း ဦးဝင်းဝဏ္ဏဝင်း က ဆက်၍ ပြောသည်။
နှစ်ပေါင်း ၇၀ ခန့် ကြာမြင့်နေပြီဖြစ်သည့် ပြည်တွင်းစစ်ကို ရပ်စဲ၍ နိုင်ငံသား အားလုံး၏ အနာဂါတ်အတွက် စစ်မှန်သည့် ပြည်တွင်း ငြိမ်းချမ်းရေးကို အမြန်ဆုံး ရလိုကြောင်း သဘောထား ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့သော မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတလည်းဖြစ် ညောင်ရွှေစော်ဘွားလည်းဖြစ်သည့် စဝ်ရွှေသိုက် ၏ သမီး အသက် ၇၂ နှစ်အရွယ် စဝ်ဟေမာသိုက် က ပြောသည်။
စဝ်ဟေမာသိုက် က “အန်တီအနေနဲ့ကတော့ ငြိမ်းငြိမ်းချမ်းချမ်းဘဲ ပြည်ထောင်စုကြီး တည်တံ့ဖို့ မြင်သွားချင်တာလေ။ တကယ့်ပြည်ထောင်စု စစ်စစ်ဖြစ်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးပေါ့။ တဦးကို တဦး ယုံယုံကြည်ကြည်နဲ့ အကုန်လုံး စည်းစည်းလုံးလုံးဖြစ်ဖို့ မြင်သွားချင်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ပင်လုံမြို့တွင် ကျင်းပသော အကြိမ် ၇၀ မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယခုနှစ်တွင် နိုင်ငံတော်အဆင့် ပထမဆုံး ကျင်းပခဲ့ပြီး ဗိုလ်ချုပ် အောင်ဆန်း၏ သမီးဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သလို ၂၀ ရာစု ပင်လုံကို လက်မှတ်ထိုးခဲ့ကြသည့် တိုင်းရင်းသားကိုယ်စားလှယ်များ၏ မိသားစုဝင်များကိုလည်း ဖိတ်ခေါ်ခဲ့သည်။