ရုရှားက ခရိုင်းမီးယားဒေသကို ယူကရိန်းလက်သို့ ပြန်လည်ပေးအပ်မည်မဟုတ်ကြောင်း ရုရှားနိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မာရီယာ ဇာခါရိုဗာက ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မော်စကိုအနေနဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ယူကရိန်းလက်သို့ ပြန်လည်ပေးအပ်ရန် မျှော်လင့်ကြောင်း မနေ့က အိမ်ဖြူတော်ပြောခွင့်ရ ရှောင်စပိုက်ဇာက သတင်း ထောက်များကို ပြောဆိုလိုက်ခြင်းကို ရုရှားက ပြန်လည်တုန့်ပြန်လိုက်ခြင်းဖြစ်ပါတယ်။
“ခရိုင်းမီးယားဟာ ရုရှားဖက်ဒရေးရှင်း အပိုင်ဖြစ်တယ်၊ ငါတို့ရဲ့ ပိုင်နက်ကို ဘယ်တော့မှ ပြန်ပေးမှာ မဟုတ်ဘူးလို့” ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး မာရီယာ ဇာခါရိုဗာက အပတ် စဉ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။
ယခုဖေဖော်ဝါရီလ စောစောပိုင်းက သမ္မတသစ် ဒေါ်နယ်ထရမ့်က ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် Nikki Haley ကို ခန့်အပ်ပြီးတဲ့နောက်မှာ ရုရှားသိမ်းပိုက်မှုကို ပြင်းထန်စွာ ရှုတ်ချခဲ့ပါတယ်။
ခရိုင်းမီးယားဒေသဟာ ၁၈ရာစုမှာ ရုရှားအင်ပါယာရဲ့ တစိတ်တဒေသဖြစ်လာပြီး၊ ရုရှားအများစု နေထိုင်ရာဒေသဖြစ်ပေမယ့် ၁၉၅၄ ခုနှစ်မှာ ယူကရိန်းကို ပေးအပ်ခဲ့ပါတယ်။ ၂၀၁၄ခုနှစ်မှာ ခရိုင်းမီးယားမှာ လူထုဆန္ဒခံယူပြီး ရုရှားနဲ့ ပူးပေါင်းခဲ့ပါတယ်။
လက်ရှိအချိန်မှာ ခရိုင်းမီးယားဒေသမှာ ရုရှားလူမျိုး ၁သန်း ၂သိန်း(လူဦးရေရဲ့ ၅၈.၃ ရာခိုင်နှုန်း)နေ ထိုင်နေပြီး၊ ၂၄ ရာခိုင်နှုန်းဟာ ယူကရိန်းတွေဖြစ်တယ်လို့ သိရပါတယ်။
ပင်လယ်နက်ဒေသမှာရှိတဲ့ ခရိုင်းမီးယားဟာ ရုရှားအတွက် အရေးပါတဲ့ ထွက်ပေါက်တခုဖြစ်တဲ့အပြင် ဆီဗက်စတိုပို ရေတပ်စခန်းကိုလည်း ရုရှားက သိမ်းပိုက်ခဲ့ပါတယ်၊ အဲဒီအတွက် ၂၀၁၅ ခုနှစ်မှာ အမေရိကန်နဲ့ နေတိုးအုပ်စုဝင်နိုင်ငံများ ပူးတွဲကာ စစ်သင်္ဘော ၁၄စင်း၊ လေယာဉ်ပျံ ၈စင်း၊ ရဟတ်ယာဉ်တွေပါဝင်တဲ့ Sea Breeze အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပါတယ်။