မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနှင့် အဖေတူအမေကွဲ ညီအကို ကင်ဂျုံနမ်အား သတ်ဖြတ်ခဲ့ သည်ဟု သံသယရှိသော အမျိုးသမီး၏ ဓာတ်ပုံများ အင်တာနက်စာမျက်နှာပေါ်တွင် ပျံနှံနေပါတယ်။
စွပ်စွဲခံရသူအမျိုးသမီးနှစ်ဦး အနက်တဦးကို CCTV မှရိုက်ကူးပြီး ပုံကြီးချဲ့ထားသောပုံတွင် “LOL”ဟု ရေးသားထားသည့် တီရှပ်ကို ဝတ်ဆင်ထားပြီး၊ အသက်အရွယ်အားဖြင့် အလယ်အလတ် အရွယ်ရှိ အာရှနွယ်ဖွားအမျိုးသမီးတဦး၏ ပုံဖြစ်ပုံရကြောင်း The Star သတင်းကရေးသည်။
ထိုသံသယရှိသော အမျိုးသမီးကို မလေးရှားမီဒီယာများက အဆိပ်မယ် “Ms Poison”ဟုခေါ်ဝေါ် နေကြပြီး၊ သူသည် အပြာရောင်စကပ်ရှည်ကို ဝတ်ဆင်ကာ သေးငယ်သော စလင်းဘက် အိပ်တလုံး ကိုလည်း သယ်ဆောင်ထားကြောင်းတွေ့ရသည်။
တောင်ကိုရီးယား သတင်းများအဆိုအရ ကင်ဂျုံနမ်ကို သတ်ဖြတ်ခဲ့သူ မြောက်ကိုရီးယား သူလျှိုအမျိုး သမီး ၂ဦးမှာ တက္ကစီဖြင့် ထွက်ပြေးလွတ်မြောက်သွားပြီး၊ယခုတိုင်မမိသေးကြောင်း တောင်ကိုရီးယား ရုပ်သံလိုင်း ချိုဆန်က ဆိုပါတယ်။
Oriental Daily သတင်းကမူ CCTVကင်မရာ၌ ထိုအမျိုးသမီးနှစ်ဦးတို့သည် တက္ကစီတစီးငှားပြီး ပျောက်ကွယ်သွားကြောင်း၊ ရဲတပ်ဖွဲ့က ထိုကားသမားကိုစစ်ဆေးရန် ထိန်းသိမ်းထားကြောင်း၊ တက္ကစီ သမားကမူ ထိုအမျိုးသမီး ၂ဦးက သူတို့သည် ဗီယက်နမ်များဖြစ်ကြောင်းဆိုတယ်လို့ သိရပါတယ်။
အမေရိကန် သတင်းရင်းမြစ်များကလည်း လုပ်ကြံသတ်ဖြတ်သူများသည် အဆိပ်ကိုသုံးကာ လုပ်ကြံ ခြင်းဖြစ်ပြီး ဖောင်တိန်ကဲ့သို့သောလက်နက်ကို သုံးစွဲခဲ့ကြောင်းကိုလည်း ထည့်သွင်းစဉ်းစားသင့် ကြောင်း၊ လုပ်ကြံမှုနောက်ကွယ်တွင် မြောက်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့ ပါဝင်ကြောင်း ဆိုပါ တယ်။
ကင်ဂျုံနမ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ နံနက် ၁၀နာရီအချိန်ခန့်မှာ မလေးရှားမှ မကာအိုနိုင်ငံသို့ သွား ရောက်ရန် ကွာလာလမ်ပူလေဆိပ်တွင် လုပ်ကြံခံရခြင်းဖြစ်သည်ဟု မလေးရှားရဲတပ်ဖွဲ့၏ ပြောဆို ချက်ကို ကိုးကားပြီး The New Straits Times ကရေးသားပါတယ်။
အတည်မပြုနိုင်သော သတင်းများအရ ဆိုင်ယာနိုက်ထက်ပင် ပြင်းထန်သည့် အဆိပ်ဖြင့် လုပ်ကြံခံရ ခြင်းဖြစ်ကြောင်းဆိုသလို မလေးရှားသတင်းများအရ ကင်ဂျုံနမ်မှာ လေဆိပ်ခန်းမဆောင်ထဲမှ ထွက်ခွာ မည့်နေရာသို့ သွားရန်ပြင်ဆင်နေစဉ် အမျိုးသမီး ၂ ဦး ရုတ်တရက် သူ့အနားသို့ကပ်လာကာ တဦးက မျက်နှာကို ဓာတုအဆိပ်ဆေးရည်ဖြင့် ဖြန်းလိုက်ပြီး တဦးက သူမျက်နှာကို လက်ကိုင်ပုဝါဖြင့် ၁၀စက္ကန့် မျှ အုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ကင်ဂျုံနမ် မကွယ်လွန်မီ လေဆိပ်ဝန်ထမ်းများကို ပြောဆိုချက်အရ သူ၏ မျက်နှာကို အမည်မသိသူ တဦးက တစုံတရာဖြင့် သူ၏မျက်နှာကို ထိုးလိုက်သည့်အတွက် အနည်းငယ်မူးနောက်နောက် ဖြစ်ခဲ့ ကြောင်း၊ မလေးရှား ရဲတပ်ဖွဲ့အကြီးအကဲ Fadzil Ahmat ကလည်း ထိုပြောဆိုမှုကို အတည်ပြုပြီး၊ ဧည်ကြိုလက် ထောက်က လေဆိပ်ဆေးခန်းသို့ လိုက်ပို့လိုက်ကြောင်း၊ ထို့နောက် ဆေးရုံသို့ အကြောင်းကြားကာ သယ်ဆောင်စဉ် လမ်း၌ကွယ်လွန်သွားခြင်း ဖြစ်ကြောင်းဆိုပါတယ်။