တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရန် ငွေပေးခိုင်းစေသူမှာ တပ်မတော်မှ ဒုဗိုလ်မှူးကြီး ရာထူးဖြင့် နှုတ်ထွက်ခဲ့သူ အောင်ဝင်းခိုင် ဆိုသူဖြစ်ပြီး ၎င်းနှင့် ဆက်စပ်တရားခံများကို ဖမ်းဆီးရမိရေး စစ်ဆေး ဖော်ထုတ် နေကြောင်း နိုင်ငံတော် သမ္မတရုံးမှ ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုဖြစ်စဉ် နှင့် စပ်လျဉ်းသည့် နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက် ၂ တွင် ပြစ်မှုကျုးလွန်ရာတွင် ပူးပေါင်းပါဝင်သူ တရားခံ အောင်ဝင်းဇော်အား ကနဦး စစ်ဆေး ဖော်ထုတ်ချက်အရ ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ရန် ငွေပေးခိုင်းစေသူမှာ ၎င်း၏ ညီဖြစ်သူ အောင်ဝင်းခိုင် ဆိုသူ ဖြစ်သည် ဟု သိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ အောင်ဝင်းခိုင်သည် လေယာဉ်ဆိုက်ရောက်မည့် အချိန်ကို စုံစမ်းမေးမြန်းခဲ့သည့် မှတ်တမ်းများ တွေ့ရှိခဲ့ရကြောင်း၊ တပ်မတော်မှ ဒုဗိုလ်မှူးကြီး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် မိမိ သဘော ဆန္ဒအလျောက် နှုတ်ထွက်ခဲ့သူ အောင်ဝင်းခိုင်သည် ပြစ်မှုကျူးလွန်ရန် ငွေပေးခိုင်းစေသူဟု လတ်တလော ယူဆရကြောင်း၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆက်လက် စစ်ဆေး ဖော်ထုတ်နေကြောင်း ထုတ်ပြန်ကြေညာထားသည်။
ထုတ်ပြန်ချက်တွင်၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်းက အောင်ဝင်းခိုင်က ငွေ ကျပ် သိန်း ၁၀၀၀ ပေးမည်ပြောကာ ဦးကိုနီအား သတ်ဖြတ်ရန် ခိုင်းစေခဲ့ကြောင်း၊ စရန်ငွေ သိန်း ၁၀၀ ပေးခဲ့ကြောင်း၊ ယင်းကမ်းလှမ်းချက်အရ အင်းစိန်တွင်နေထိုင်သူ အောင်စိုးကို ကမ်းလှမ်းခဲ့ကြောင်း၊ အောင်စိုးထံမှ ဆက်သွယ်လာခဲ့သော်လည်း သတ်ပေးရမည့် သံတမန် ပြန်သွားပြီဟု ပြောကာ လမ်းစ ဖြတ်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် သြဂုတ်၊ စက်တင်ဘာလခန့်တွင် ဦးကိုနီကို သတ်ပေးမည်ဆိုလျှင် ငွေကျပ် သိန်း ၈၀၀၊ ၁၀၀၀ ခန့် ပေးမည်ဟု ကြည်လင်းကို ကမ်းလှမ်းခဲ့ရာ မော်တော်ကား တစီး ဝယ်ပေးလျှင် ရပြီဟု ပြန်ပြောခဲ့ကြောင်း ဖော်ပြထားသည်။
ဘားအံမြို့သို့ သွားရောက်ပြီး ရှေးဟောင်း ပစ္စည်း အရောင်းအဝယ်လုပ်စဉ် ရင်းနှီးခဲ့သူများမှ တဆင့် ရှမ်းနီဘက်တွင် ရွှေတူးဖော်နေခြင်းကြောင့် လက်ဆောင်ပေးရန် သေနတ်များ ဝယ်ယူလိုသည်ဟုဆိုကာ ရှာဖွေ ဝယ်ယူခဲ့ကြောင်း၊ ထိုင်းနိုင်ငံ အုန်းဖန်နေ မြင့်ဆွေထံမှ သေနတ်များ ဝယ်ယူခဲ့သည်ဟု လိမ်လည်ပြောခဲ့ကြောင်း သိရသည်။