သတင်းတို

အိန္ဒိယက ဂြိုဟ်တု ၁၀၄လုံး စံချိန်တင် လွှတ်တင်

အိန္ဒိယ အာကာသသုတေသနအဖွဲ့ (ISRO)အနေဖြင့် ဂြိုဟ်တု ၁၀၄ လုံးပါ ဒုံးပျံတစင်းကို ယနေ့ နံနက်ပိုင်းက စံချိန်တင်လွှတ်တင်လိုက်ကြောင်း အိန္ဒိယ Hindustan Times သတင်းကဆိုပါတယ်။

အဆိုပါ ဂြိုဟ်တု ၁၀၄လုံးတွင် ISRO၏ ဂြိုလ်တှမှ ၃လုံးသာပါဝင်ပြီး ကျန်ဂြိုဟ်တုများမှာ နိုင်ငံတကာမှ စေလွှတ်ခိုင်းသည့် ဂြိုဟ်တုများကြောင်း၊ ISRO မှ လွှတ်ပေးသည့် ပြည်ပဂြိုဟ်တု အရေအတွက်မှာ ၁၈၀ ရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။

ထို့ကြောင့် ISRO သည်ကမ္ဘာ့အအောင်မြင်ဆုံးအာကာသလွှတ်တင်ရေးဌာနဖြစ်လာပြီး၊ အခြား မည်သည့် ဂြိုဟ်တုလွှတ်တင်ရေး စခန်းထက်မဆို ပြည်ပဂြိုဟ်တုများကို အာကာသအတွင်းပို့ပေး နေသော အဖွဲ့ဖြစ်လာပါတယ်။

ယနေ့လွှတ်တင်သည့် ဂြိုဟ်တုလွှတ်တင်ရေးယာဉ်၏ ဒုံးကျည် Polar Satellite Launch Vehicle (PSLV) တွင်တင်ဆောင်သွားသည့် အဓိကအကျဆုံးဂြိုဟ်တုမှာ အိန္ဒိယနိုင်ငံ၏ ကမ္ဘာကိုလေ့လာ စောင့်ကြည့်မည့် ရုပ်ပုံကြည်လင်မှုနှုန်းမြင့်မားလှသည့် Cartosat 2D ဂြိုဟ်တုဖြစ်ကြောင်း သိရပါ တယ်။

Cartosat 2D ကပေးပို့သည့်အချက်အလက်များကို မြေအသုံးချမှုမြေပုံများ၊ ရေအရင်းအမြစ်ခြေရာ ခံခြင်းနှင့်လမ်းကွန်ရက်များ ကြီးကြပ်ခြင်းတို့တွင် အသုံးပြုသွားမည်ဖြစ်တယ်လို့ဆိုပါတယ်။

အခြားလွှတ်တင်လိုက်သောဂြိုဟ်တုများတွင် အမေရိကန်၊ အစ္စရေး၊ ဆွစ်ဇာလန်၊ နယ်သာလန်နှင့် ဖောက်သည်သစ်များဖြစ်ကြသော အာရပ်စော်ဘွားများနိုင်ငံ၊ ကဇက်စတန် စသည့်နိုင်ငံပေါင်း ၆ ခုမှဂြိုဟ်တုပေါင်း ၁၀၁ လုံး ပါဝင်ပါတယ်။

၁၉၉၉ ခုနှစ် ပြည်ပဂြိုဟ်တုများစတင်လွှတ်တင်ပေးချိန်မှစပြီး ၎င်း၏ စီးပွားရေးဌာနဖြစ်သော Antrix ကော်ပိုရေးရှင်းမှတဆင့် ISRO က လွှတ်တင်ပေးနေသော ပြည်ပဂြိုဟ်တု အရေအတွက်မှာ လည်း တဖြည်းဖြည်းမြင့်မားလာနေတယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ်တနှစ်တည်းမှာပင် ISRO သည်အခြားနိုင်ငံများအတွက် ဂြိုဟ်တု ၂၂ လုံး လွှတ်တင်ခဲ့ပြီး အမေရိကန်သည် ISRO ၏ အကြီးမားဆုံးဖောက်သည်ဖြစ်လာကာ ဒုတိယအကြီးဆုံးဖောက်သည်မှာမူ ကနေဒါဖြစ်ပါတယ်။

Loading