သတင်းတို

တာမွေက မွေးကင်းစ ကလေးငယ် စွန့်ပစ်သေဆုံးမှု သဲလွန်စမရသေး

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်း တာမွေမြို့နယ်အတွင်းရှိ တိုက်နောက်ဖေးလမ်းကြားတွင် စွန့်ပစ်ခံရသည့် မွေးကင်းစကလေးငယ် သေဆုံးမှုနှင့် ပတ်သက်၍ တာမွေမြို့မရဲစခန်းက အမှုဖွင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ယနေ့ အချိန် အထိ သဲလွန်စ မရသေးကြောင်း သိရသည်။

တာမွေမြို့နယ် မလွှကုန်း(က) ရပ်ကွက်၊ ဇဋိလလမ်းနှင့် ဇောတိက လမ်းကြားရှိ တိုက်နောက်ဖေး လမ်းကြားတွင် ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်က ချက်ကြိုးတန်းလန်းဖြင့် ကလေးငယ်တဦး စွန့်ပစ်ထားမှု ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။

“သဲလွန်စအခုအထိ မရသေးတဲ့ပုံစံ ဖြစ်နေတယ်။ အဲဒီနားမှာ စောင့်ကြည့်ခိုင်းထားတယ်။ တအိမ်တက်ဆင်း လိုက် ရှာတုန်း ကလည်း ထူးခြားမှုမရှိသေးဘူး။ ပတ်ဝန်းကျင်ကို ကိုယ်ဝန်ဆောင်မိခင်တွေ လာတာမြင်ဖူးလား တွေ့ဖူးလား မေးကြည့်တော့ မတွေ့ဘူးတဲ့။ လက်ရှိကတော့ စုံစမ်းတုန်း။ ဒီနားကပဲလာတာလား။ အပြင်ကပဲ လာတာလား။ ဇဝေဇဝါတွေ ဖြစ်နေတယ်” ဟု တာမွေမြို့မ ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် သန်းမော်က ဧရာဝတီကို ပြောသည်။

ယင်းကလေးငယ် စွန့်ပစ်ထားမှုကို ရပ်ကွက်အတွင်း နေထိုင်သူများက စတင်သိရှိခဲ့ပြီး ရဲစခန်းသို့ အကြောင်းကြားမှု ကြောင့် စခန်းမှ တာဝန်ရှိသူများ လာရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ကလေးငယ် အသက်ရှင်ရေး အတွက် ရန်ကင်း ကလေးဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ သို့သော် အခင်းဖြစ်ပွားသည့် ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ယင်း ကလေးငယ် သေဆုံးသွားခဲ့ ကြောင်းလည်း ၎င်းက ရှင်းပြသည်။

နောက်ဖေးလမ်းကြားတွင် စွန့်ပစ်ခံခဲ့ရသည့် ကလေးသည် မိန်းကလေးဖြစ်ပြီး ကနဦး စစ်ဆေးချက်များအရ ဦးခေါင်း ညာဘက် ဖူးရောင် ဒဏ်ရာအပြင် ပါးစပ်နှင့် နှာခေါင်းတို့၌ သွေးထွက် ဒဏ်ရာများ ရရှိထားပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading