သတင်းတို

တရားမဝင်ငါးဖမ်းလှေမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၀ ဦးဖမ်းမိ

ရခိုင်ပြည်နယ် ဂွမြို့မြောက်ဘက် ဇီးကုန်းကျေးရွာကမ်းခြေအနီး၌ တရားမဝင်စက်လှေတစီးကို မနေ့က ဖမ်းဆီးရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၀ဦးကို ဖမ်းမိရာ တဦးမှာ သေဆုံးနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံးက သတင်းထုတ်ပြန်သည်။

ဖမ်းမိထားသူများကို စစ်ဆေးချက်အရ ၎င်းတို့အနေဖြင့် ကိုလ်ကတ္တားမြို့မှ ဇန်နဝါရီ ၁၃ ရက်တွင် ငါးဖမ်း စက်လှေဖြင့် ထွက်ခွာခဲ့ရာမှ ဇန်နဝါရီ ၂၈ ရက်တွင် စက်ပျက်၍ ပင်လယ်ပြင်တွင် မျောပါလာခဲ့ကြောင်း၊ တဦးမှာ ဖေဖော်ဝါရီ ၁၄ ရက်တွင် အစာရေစာပြတ်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဖမ်းဆီးထားသူများကို ဂွမြို့နယ်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး သေဆုံးသူ တဦးကို ဂွမြို့ ပြည်သူ့ဆေးရုံးကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း မောင်တောမြို့နယ် နတ်မြစ် မြန်မာပိုင်နက်အတွင်း တရားမဝင် ငါးဖမ်းလှေများ ဝင်ရောက်လျက်ရှိရာ သွားရောက်စစ်ဆေးသည့် လုံခြုံရေးတပ်ဖွဲ့များအား ပြန်လည်ရန်ပြု သဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ နတ်မြစ်အတွင်း မြန်မာပိုင်နက်ဘက်သို့ တရားမဝင်ငါးဖမ်းလှေများ ခိုးဝင်မှုအပေါ် ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်အနေဖြင့် တားဆီးပေးရန်နှင့် ယခုဖြစ်စဉ်နှင့် ပတ်သက်၍လည်း ကန့်ကွက်ကြောင်း ပစ်ခတ်မှု ဖြစ်သည့် နေ့တွင်ပင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်ဖွဲ့ထံ အကြောင်းကြားစာပေးပို့ခဲ့သည်။

၎င်းပစ်ခတ်မှုဖြစ်စဉ်အတွင်း တရားမဝင်ငါးဖမ်းလှေပေါ်မှ လှေလုပ်သားနှစ်ဦး သေဆုံးရကြောင်း လည်း ဖေဖော်ဝါရီ ၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ မြန်မာ့အလင်းတွင်ဖော်ပြခဲ့သည်။

Loading