မြောက်ကိုရီးခေါင်းဆောင် ကင်ဂျုံအန်း၏ ဖအေတူမအေကွဲ အကို ကင်ဂျုံနမ် လုပ်ကြံသတ်ဖြတ်ခံရမှု တွင် အမျိုးသမီး ၂ဦးအပြင် မလေးရှား အမျိုးသားတဦးကိုပါ ထပ်မံဖမ်းဆီးကြောင်း BBC သတင်းက ဆိုပါတယ်။
အဆိုပါ မလေးရှားအမျိုးသားမှာ ဖမ်းဆီးထားသည့် အင်ဒိုနီးရှားအမျိုးသမီး၏ ရည်စားဖြစ်ပြီး ယနေ့ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်၊ သူနဲ့တွဲနေတဲ့ အင်ဒိုနီးရှားအမျိုးသမီးဟာ အသက် ၂၅နှစ်အရွယ်ရှိ Siti Aishah ဖြစ်ပြီး ဘန်တန်ပြည်နယ်မှာ နေထိုင်တယ်လို့ နိုင်ငံကူးလက်မှတ်မှာ ဖော်ပြထားပါတယ်။
နောက်အမျိုးသမီးတဦးကတော့ ၂၈နှစ်အရွယ်ရှိ Doan Thi Huon ဆိုသည့် ဗီယက်နမ်အမည်ဖြင့် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ အမျိုးသမီးဖြစ်ပါတယ်။
ဖမ်းဆီးထားတဲ့ အမျိုးသမီး ၂ဦးကို ရမန်ယူကာ ချုပ်နှောင်ထားပါတယ်။
ကင်မ်ချုး လို့ခေါ် ကင်ဂျုံနမ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ဖအေတူမအေကွဲ ညီအကိုဖြစ်ပြီး၊ ပြီးခဲ့တဲ့ တနင်္လာနေ့ နံနက် ၁၀နာရီခန့်မှာ မလေးရှားမှ မကာအိုသို့ သွားရောက်ရန် ကွာလာလမ်ပူလေဆိပ်မှာ စောင့်ဆိုင်းနေစဉ် အမျိုးသမီး ၂ဦး၏ လုပ်ကြံခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
ကင်ဂျုံနမ်ရဲ့ အလောင်းကို ရင်ခွဲကာ စစ်ဆေးပြီးစီးပြီဖြစ်သော်လည်း ရလာဒ်ကို ချပြခြင်းမရှိသေးပေ။
ကင်ဂျုံနမ် သတ်ဖြတ်ခံရမှုမှာ မြောက်ကိုရီးယား ပါဝင်ပတ်သက်နေကြောင်း ဆက်စပ်တွေးတောမှုတွေ လည်း ရှိနေပါတယ်။
မြောက်ကိုရီးယားမှာတော့ ယနေ့ကျရောက်တဲ့ ကွယ်လွန်သူ ခေါင်းဆောင်ကြီး ကင်ဂျုံအီးရဲ့ ၇၅နှစ်ပြည့် မွေးနေ့ကို ကျင်းပနေသလို၊ မနေ့ကလည်း ကင်ဂျုံအန်းဟာ အာဏာရပါတီ အစည်းအဝေး တက်ရောက်နေပါတယ်။