ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့အကြား မျက်မှောက်ပကတိ နိုင်ငံရေး အခြေ အနေနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များကို KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် တွေ့ဆုံဆွေးနွေးသည်။
KIO ၏ ဗဟိုကော်မတီ အဖွဲ့နှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေး နွေးနေကြခြင်းဖြစ်ပြီး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှ အကြံပေးပုဂ္ဂိုလ် ၂ ဦးလည်း ပါဝင်ကြောင်း သိရသည်။
ဆွေးနွေးရာတွင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ပြည်ထောင်စုနေ့တွင် KNU၊ RCSS၊ DKBA၊ KNU/KNLA – PC တို့ပါဝင်ပြီး တပ်မတော်၊ လွှတ်တော် ဥက္ကဋ္ဌများ၊ တိုင်းရင်းသားရေးရာဝန်ကြီး ၁၉ ဦး၊ နိုင်ငံရေး i ၅၅ ပါတီတို့က လက်မှတ်ရေး ထိုးခဲ့ကြသော ငြိမ်ချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် (Deed of Commitment for Peace and National Reconciliation) ကတိကဝတ်အချို့နှင့် NCA စာချုပ်ပါ အချက်အချို့အပေါ် အခြေခံ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲကြေညာချက် ပူးတွဲထုတ်ပြန်ရာ တိုင်းရင်းသား လက်နက်ကိုင် အားလုံးသည် အကြမ်းဖက်အဖွဲ့ အစည်းများ (Terrorist) မဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် လုပ်ဖော်ဆောင်ဘက်များဖြစ်ကြောင်း မိမိတို့ အဖွဲ့အစည်းနှစ်ရပ် အနေဖြင့် လိုအပ်သည့် နည်းလမ်းများကို ရှာဖွေပြီး ငြိမ်းချမ်းရေး အဖြေရှာနိုင်ရန် အတွက် အကောင်းဆုံး လုပ်ဆောင်သွားကြရန် သဘောတူညီကြပြီး အတူတကွ ကြိုးပမ်းလုပ်ဆောင် သွားကြမည်ဟု ပါရှိသည်။
KIO ဗဟိုဌာနချုပ်သို့ ရောက်ရှိနေသော KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ဦးဆောင်သည့် ကိုယ်စားလှယ်များသည် တရုတ် အာဏာပိုင်များ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ဆုံကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ကြောင်းသိရသည်။
KNU နှင့် RCSS တို့သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုလက်မှတ် ရေးထိုးထားသော အဖွဲ့များဖြစ်ပြီး KIO သည် NCA စာချုပ်ကို လက်မှတ်မထိုးရသေးသော အဖွဲ့ဖြစ်ကာ လတ်တလော တွင် အစိုးရတပ်များနှင့် KIA တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။