မြန်မာကစားသမား ၃ဦးကို ခေါ်ယူခဲ့တဲ့ စင်ကာပူလိဂ်က Balestier Khalsa အသင်းဟာ ၂၀၁၇ခုနှစ် ဘောလုံးရာသီမှာ ကစားသမားအသစ်တွေအနေနဲ့ အသင်းကို လုံလောက်တဲ့ အထောက်အကူပေး လိမ့်မယ်လို့ မျှော်လင့်ကြောင်း ESPN သတင်းမှာဆိုပါတယ်။
အမည်ပြောင် “ကျား”လို့ လူသိများတဲ့ Balestier Khalsa အသင်းဟာ မနှစ်ကတော့ စင်ကာပူလိဂ် ဇယားအောက်ခြေမှာ ရပ်တည်နေတာကြောင့်၊ ဒီနှစ်မှာ မြန်မာကစားတွေဖြစ်တဲ့ ရတနာပုံ နဲ့ နေပြည် တော် အသင်းက ကွင်းလယ်ကစားသမား နန္ဒလင်းကျော်ချစ် နဲ့ အောင်ကျော်နိုင်၊ ဧရာဝတီက ကျော်ဇေယျဝင်း တို့ကို ထပ်မံအားဖြည့်ခဲ့တာဖြစ်ပါတယ်။
သူတို့ ၃ဦးဟာ ၂၀၁၄ခုနှစ်က AFF ဆူစကီးဖလားမှာ မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတွေ ဖြစ်ပါတယ်။
Balestier Khalsa နည်းပြ Marko Kraljevic ကလည်း အခုထပ်မံဖြည့်တင်းလိုက်တဲ့ ၃ယောက်ဟာ အလွန်လျင်မြန်တဲ့ တိုက်စစ်ပိုင်း အားသန်သူ ကစားသမားတွေဖြစ်ကြောင်း ဆိုပါတယ်။
“ကျနော်ထင်တယ် ကလပ်အနေနဲ့တော့ ဒါဟာ ကောင်းတဲ့ရွေ့ပြောင်းမှု တရပ်ပဲ၊ သူတို့နဲ့ ပတ်သက်လို့ တုံ့ပြန်မှုကောင်းတွေကိုလည်း ရရှိထားတယ်၊ အထိုင်ကျဖို့အတွက် ကျနော်တို့ အချိန်တခုတော့ ပေးရ မယ်” လို့ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က အသင်းဟာ ရုန်းကန်ခဲ့ရတာကြောင့် အင်အားဖြည့်ဖို့ လိုကြောင်း အခုခေါ်ယူလိုက် သူတွေဟာ အလွန်လျင်မြန်ပြီး တိုက်စစ်ပိုင်းမှာ အားသန်သူတွေဖြစ်ကြောင်း ကောက်ချက်ချပြော ဆိုပါတယ်။
Balestier Khalsa အသင်းအနေနဲ့ ငယ်ရွယ်ပျိုမြစ်တဲ့ အသင်းတသင်းရှိနေပြီလို့ ဆိုရမှာဖြစ်သလို၊ အနာဂတ်အတွက်လည်း တည်ဆောက်ခြင်ကြောင်း၊ ကစားသမားအသစ်တွေကိုလည်း ကောင်းကောင်းပေါင်းထည့်သွားမှာ ဖြစ်ကြောင်းလည်း နည်းပြက ဆိုပါတယ်။
လက်ရှိမှာတော့ မြန်မာ ၃ဦးအပြင် ဂိုးသမား Zaiful Nizam အပြင် ခံစစ်သမား Sheikh Abdul Hadi တို့ကို ဆက်လက်ထိန်းထားတဲ့အပြင် စင်ကာပူ ကွင်းလယ်သမား Raihan Rahmanကိုလည်း ခေါ်ဖို့ လုပ်နေပါတယ်။