မွန်ပြည်နယ်အတွင်း တပ်မတော်နှင့် မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (NMSP/MNLA) တို့ အကြား စစ်ရေးတင်းမာမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး နှစ်ဘက်တွေ့ဆုံ ဆွေးနွေးပြီးနောက် ပြေလည်မှုရရှိခဲ့ကြောင်း သတင်းရရှိသည်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်နှင့် ဘုရားသုံးဆူတောင်ကြားရှိ NMSP/MNLA ၏ အခွန်ကောက်ဂိတ် ၂ ခုအား တပ်မတော်မှ နေရာဝင်ယူပြီးနောက် နှစ်ဘက် စစ်ရေးတင်းမာသည့်အခြေအနေအပေါ် ဖေဖော်ဝါရီ ၁၆ ရက်နေ့က မော်လမြိုင်မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ တွေ့ဆုံဆွေးနွေးရာတွင် ပြေလည်မှုတချို့ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
NMSP ပြည်တွင်းရေးဌာန တာဝန်ခံ နိုင်ဝင်းလှက “လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ်စာချုပ် ပါအတိုင်း ကျနော်တို့ နေရာ တွေကို ပြန်ပေးမယ်ပြောတယ်။ စစ်ရေးတင်းမာတဲ့အခြေအနေ မရှိတော့ဘူး လို့ ပြောလို့ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဆွေးနွေးပွဲကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ တက်ရောက်ခဲ့ပြီး MNSP မှ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း၊ ပြည်တွင်းရေးဌာန တာဝန်ခံ နိုင်ဝင်းလှ တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
နှစ်ဘက်တွေ့ဆုံရာတွင် တပ်မတော်က NMSP အနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်ရေး သဘောတူစာချုပ် (NCA) ကို ပါဝင်လက်မှတ်ရေးထိုးရန် တိုက်တွန်းခဲ့ပြီး လတ်တလောဖြစ်ရပ်များအပေါ် နှစ်ဖက်ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
ထိုဆွေးနွေးပွဲသို့ NMSP ဥက္ကဌ နိုင်ထောမွန်ထံမှလည်း တပ်မတော်ထံ စာတစောင်ပေးပို့ခဲ့ပြီး ထိုစာထဲတွင် နှစ်ဘက် ပြေလည်မှုရရှိရေးနှင့် ၂၁ ရာစု ပင်လုံညီလာခံကို အားလုံးပါဝင်နိုင်သည့် အခြေအနေဖြင့် ပါဝင်နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း ဖော်ပြထားသည်ဟု မွန်အမျိုးသားပါတီ အတွင်းရေးမှူး နိုင်စိုးမြင့်က ပြောသည်။
“နေရာယူထားတဲ့ ဘုရားတောင်ဂိတ်ကိုတော့ ပြန်မပေးဘူးလို့ သိထားရတယ်၊ ကျန်တာကတော့ အပစ်ရပ်စာချုပ်မှာပါတဲ့ စည်းမျဉ်းတွေအတိုင်း ဆောင်ရွက်မယ်လို့ပြောတယ်”ဟု သူကဆိုသည်။
လတ်တလောတွင် တပ်မတော်ဘက်မှ NMSP/MNLA အခြေစိုက် တပ်စခန်းများဘက်သို့ ဝင်ရောက်နေရာယှုများ မရှိသော် လည်း မူလသိမ်းပိုက်ထားသည့် ဇီးနှစ်ပင်အကောက်ခွန်စခန်းနှင့် ဘုရားတောင်အကောက်ခွန်စခန်းတို့ကိုတော့ ထိန်းချုပ် နေရာယူထားဆဲဖြစ်ကြောင်း NMSP/MNLA ထံမှ သိရသည်။
ဒေသခံတချို့ကမူ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျရောက်သော မွန်အမျိုးသားနေ့ အခမ်းအနားကို စစ်ရေးပြမှုများ ထည့်သွင်း မပြုလုပ်ရန် တပ်မတော်ဘက်က သတိပေးပြောဆိုသော်လည်း NMSP/MNLA က စစ်ရေးပြအခမ်းအနားကို ထည့်သွင်း ကျင်းပခဲ့သဖြင့် ထိုဖြစ်ရပ် အပေါ် တပ်မတော်က မကျေလည်၍ ဖိအားပေးမှုပြုလုပ်လာခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆို နေကြသည်။
အဆိုပါ မွန်အမျိုးသားနေ့ အခမ်းအနားပြုလုပ်ပြီးနောက် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် တပ်မတော်မှ NMSP/MNLA ဂိတ်စခန်း နှစ်ခုအား ဝင်ရောက်ထိန်းချုပ်ခဲ့ခြင်း ဖြစ်ပြီး ဂျပန်ရေတွင်းကျေးရွာအဝင် ဂိတ်စခန်းတခုကိုလည်း ဝင်ရောက် နေရာယူမည် ဖြစ်ကြောင်း ဘုရားသုံးဆူရှိ MNSP ဆက်ဆံရေးရုံးသို့ အကြောင်းကြားခဲ့သည်ဟုဆိုသည်။
NMSP/MNLA NCA စာချုပ်ကို လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း တခုဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင်လည်း ဖြစ်သည်။