ကင်ဂျုံနမ် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မလေးရှားရဲက ဖမ်းဆီးထားတဲ့ မြောက်ကိုရီးယားလူမျိုး ရီဂျောင်ချူးဟာ ဓာတုဗေဒ ပညာရှင်တဦးဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့ ပြောဆိုချက်ကို ကိုးကားပြီး Free Malaysia Today သတင်းကဆိုပါတယ်။
မလေးရှားရဲထံမှ သိရှိရတဲ့အချက်များအရ ရီဂျောင်ချူးဟာ မြောက်ကိုရီးယား တက္ကသိုလ်မှ သိပ္ပံနှင့် ဆေးဝါးဆိုင်ရာနယ်ပယ်နဲ့ ပတ်သက်တဲ့ ဘွဲ့ကို ၂၀၀၀ခုနှစ်က ရရှိခဲ့ခြင်းဖြစ်ပါတယ်။
နောက်ပိုင်းမှာ သုတေသနအတွက် ကာလကတ္တားမှာ ၂၀၁၁ခုနှစ်အထိ နေထိုင်ခဲ့ပြီးနောက် မြောက်ကို ရီးယားကို ပြန်သွားကာ မလေးရှားကို လာရောက်ပြီး IT ကုမ္ပဏီတခုမှာ အလုပ်လုပ်တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ကတော့ အဆိပ်ရည်နဲ့ လုပ်ကြံနဲ့ နောက်ကွယ်မှာ သူပါဝင်တယ်ဆိုတာ စောလွန်းပေမယ့်၊ စုုံစမ်းနေဆဲပဲဖြစ်တယ်လို့ ပြောပါတယ်။
ရီဂျောင်ချူးကို ပြီးခဲ့တဲ့ သောကြာနေ့ညက ကွာလာလမ်ပူ ဂျလန်း ကူချိုင် လာမားအရပ် သူနေထိုင်ရာ ကွန်ဒိုကို ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၃နှစ်က နိုင်ငံခြားသား အလုပ်သမားတဦးအနေနဲ့ လာရောက်မှတ်ပုံတင်ထားတာဖြစ်ပါတယ်။
လက်ရှိမှာတော့ မလေးရှားရဲက ရမန်တပတ်ရယူကာ သူ့ကို ဆီဖန်ခရိုင်က ရဲဌာနချုပ်က အချုပ်မှာ ချုပ်နှောင်ထားပြီး၊ မြောက်ကိုရီးယားသံရုံး ကိုယ်စားလှယ်ကတော့ မနေ့က သူနဲ့ တနာရီခန့် လာရောက်တွေ့ဆုံခဲ့ပါတယ်။
ကင်ဂျုံနမ်အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဗီယက်နမ်သူ ဒေါင်သီဟောင်၊ အင်ဒိုနီးရှားသူ ဆစ်သီနဲ့ သူ့ရည်းစား မလေးရှားအမျိုးသားတဦးနဲ့ မြောက်ကိုရီးယားသား ရီဂျောင်ချုးတို့ စုစုပေါင်း ၄ဦးကို ရဲက ထိန်းသိမ်းထားပါတယ်။
မြောက်ကိုရီးခေါင်းဆောင် ကင်ဂျုံအီရဲ့ဖအေတူ မအေကွဲ အကို ကင်ဂျုံနမ်ဟာ ဖေဖော်ဝါရီလ ၆ရက်နေ့ မလေးရှားကို ရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့က မကာအိုသွားဖို့ လေဆိပ်မှာ ပြင်ဆင်နေစဉ် လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။
မလေးရှား The Star သတင်းကတော့ ရဲက အလိုရှိနေတဲ့ တခြားသောမြောက်ကိုရီးယားတွေဟာ နိုင်ငံထဲကနေ ထွက်သွားလောက်ပြီလို့ ယုံကြည်ရကြောင်းဆိုပါတယ်။ သူတို့ဟာ အသက် ၃၀ကနေ ၅၀အကြားရှိတဲ့ လူတွေဖြစ်ပြီး လုပ်ကြံမှုဖြစ်ပြီးနောက်မှာ လေယာဉ်နဲ့ အိမ်နီးချင်း နိုင်ငံတွေဘက်ကို ထွက်သွားနိုင်တယ်လို့ သုံးသပ်ပါတယ်။
မလေးရှားမှာ မြောက်ကိုရီးယားများ ၁ထောင်ခန့်ရှိပြီး၊ စီးပွားရေးလုပ်ငန်းများ၊ သာမန်အလုပ်သမား များ အဖြစ် နေထိုင်လုပ်ကိုင်ကာ၊ မြောက်ကိုရီးယား နာမည်ကြီးစားသောက်ဆိုင် ပြုံယမ်းကိုယိုဆိုင်လည်း ကွာလာလမ်ပူမှာ ဖွင့်လှစ်ထားပါတယ်။