သတင်းတို

ပြစ်သစ်နိုင်ငံသားတဦး ဇွဲကပင်တောင်ထိပ်မှ ခုန်ချသေဆုံး

ကရင်ပြည်နယ် ဘားအံမြို့ရှိ ပေပေါင်း ၂၃၀၀ ကျော်မြင့်သည့် ဇွဲကပင်တောင်ထိပ်မှ ခုန်ချ သေဆုံးသွားသည့် ပြင်သစ်နိုင်ငံသား ရုပ်အလောင်းကို ၎င်း၏ နိုင်ငံသို့ ပြန်လည် သယ်ဆောင်ရန် ခွင့်ပြုမိန့် တောင်းထားကြောင်း ထုံးအိုင် နယ်မြေ ရဲစခန်း မှ သိရသည်။

သေဆုံးသူသည် အသက် ၃၇ နှစ်အရွယ်ရှိ ပြင်သစ်နိုင်ငံသား NORMANDIN ဖြစ်ပြီး ဇွဲကပင်တောင်ထိပ်မှ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေပိုင်းက ခုန်ချခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းကို ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့သည်။

“သူ့ကောင်မလေးနဲ့ စကားများလာတဲ့ သဘောမျိုး ရှိတယ် ထင်ရတယ်။ ကောင်မလေးကိုတော့ ဆက်သွယ်မရဘူး။ သူ့အိတ်ကို စစ်ဆေးကြည့်တော့ အဲဒီထဲမှာ မိဘတွေနဲ့ ကောင်မလေးရဲ့ ဖုန်းနံပတ်တွေမှတ်ထားတဲ့ စာရွက် ၂ ရွက် တွေ့ရတော့ သံရုံးကနေ တဆင့် သူ့မိဘတွေကို အကြောင်းကြားထားတယ်။ ရန်ကုန်ကနေ ဘားအံကို ရောက်တော့ ဘယ်မှာမှ မတည်းဘူး။ တောင်ပေါ်ကို တန်းပြီး တက်လာတာပြီး အခုလို ခုန်ချတာပဲ။ သူက ကြိုတင် စဉ်းစားထားတဲ့ သဘောမှာရှိတယ်။ ” ဟု ထုံးအိုင် နယ်မြေ ရဲစခန်းမှူး ရဲအုပ် ညီညီမိုးက ဧရာဝတီသို့ ပြောသည်။

ရဲတပ်ဖွဲ့က သေဆုံးသူ၏ ID card သာ ရရှိထားသဖြင့် ၎င်း၏ ပတ်စ်ပို့နံပတ်၊ ပြည်ဝင်ခွင့်ဗီဇာ နံပတ်တို့ကို ပြင်သစ်သံရုံးသို့ တောင်းထားကြောင်း သိရသည်။

Loading