ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီ သည် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် မာမွတ် အလီနှင့် ဒါကာမြို့တွင် တွေ့ဆုံပြီး မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ရိုဟင်ဂျာများ အရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း Dhaka Tribune တွင် ဖော်ပြထားသည်။ ယင်း တွေ့ဆုံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ထွက်ပြေး ခိုလှုံလာသည့် အထောက်အထား ရှိသူများ/ အထောက်အထား မရှိသူ မြန်မာဒုက္ခသည်များနှင့် တိုက်ရိုက်တွေ့ဆုံကာ စီစဉ်ထားရှိမှုများကို နိုင်ငံခြားရေး ဝန်ကြီးက ရှင်းပြခဲ့ပြီး၊ ၁၉၉၂ ခုနှစ်က ရိုဟင်ဂျာမွတ်စလင် ၂၃၆၅၉၉ ဦးကို နေရပ် ပြန်ပို့ရေး သဘောတူညီချက်နှင့် ယင်း သဘောတူညီချက်သည် ၂၀၀၅ ခုနှစ်တွင် ရပ်ဆိုင်းသွားသည့် အခြေအနေကိုလည်း ရှင်းလင်းတင်ပြခဲ့သည်။
နိုင်ငံခြားရေး ဝန်ကြီး မာမွတ်အလီက ကောက်စ်ဘဇာဒေသ အတွင်းသို့ မပြတ်ဝင်ရောက်လာနေသည့် များပြားလှသည့် မြန်မာနိုင်ငံသားများ အရေးနှင့် ဒေသတွင်း လူမှုစီးပွားရေး၊ နိုင်ငံရေး၊ သဘာ၀၀န်းကျင်၊ လူ့အခွင့်အရေးနှင့် လုံခြုံရေး ထိခိုက်စေသည့် အခြေအနေများကိုလည်း ရှင်းလင်းတင်ပြကြောင်း၊ ယင်း အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာ အစိုးရနှင့် ဆက်သွယ်ကာ ဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများလည်း ရှင်းလင်းတင်ပြသည်။
မာမွတ်အလီက မြန်မာနှင့် ဆက်စပ်၍ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနှင့် မြန်မာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် (BCIM) ၊ ဘင်းစတက် (BIMSTEC) ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ၏ ဒေသတွင်း ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် နိုင်ငံအတွင်း စုပြုံဝင်ရောက်သည့် ရိုဟင်ဂျာများနှင့် ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းမှ ခြေခြေမြစ်မြစ် ပါဝင်ဆောင်ရွက် ပေးရန် လည်း တိုက်တွန်းကြောင်း သတင်းတွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ၄ ရက်ကြာ ခရီးစဉ်ဖြင့် ရောက်ရှိနေသည့် ယန်ဟီးလီသည် ၎င်း၏ ခရီးစဉ်အတွင်း လေ့လာတွေ့ရှိ ချက်များကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။