တိုင်းရင်းသားများ၏ ပြည်ထောင်စုစိတ်ဓာတ် မွေးမြူခြင်းအားဖြင့်သာလျှင် မြန်မာနိုင်ငံ၏ အနာဂတ် အတွက် အာမခံချက်ပေးနိုင်မည်ဖြစ်ကြောင်း ယမန်နေ့က နေပြည်တော် MICC – 2 တွင် ကျင်းပသည့် ၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ဥပဒေတွေ ပြဋ္ဌာန်းလို့လည်း အာမခံချက် ပေးနိုင်မှာ မဟုတ်ပါဘူး။ ကျမတို့ ဘယ်နိုင်ငံရေး စနစ်နဲ့မှလည်း အာမခံချက်ပေးနိုင်မှာ မဟုတ်ပါဘူး။ အခြေခံအားဖြင့်တော့ ကျမတို့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများရဲ့ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ရှိခြင်းနဲ့သာလျှင် ကျမတို့ရဲ့ ပြည်ထောင်စုအတွက် အာမခံချက်ပေးနိုင်မှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ပြည်ထောင်စုကြီးတခု ဖြစ်ပေါ်လာရန် ကြိုးစားနေသည့် ဒုတိယပင်လုံ ညီလာခံ အောင်မြင်ရေးအတွက် ဝိုင်းဝန်း ကူညီပေးကြသည့် ချင်းတိုင်းရင်းသား ညီအစ်ကို မောင်နှမများကို ကျေးဇူးတင်ကြောင်း၊ ဒုတိယ ပင်လုံသည် ပထမပင်လုံမှ မြစ်ဖျားခံလာခြင်းဖြစ်၍ နိုင်ငံ၏ အနာဂတ်အတွက် အဓိကကျသည့်နေရာမှ ပါဝင်နိုင်ကြစေလိုကြောင်း၊ ပါဝင်နိုင်မည်ဟုလည်း ယုံကြည်ကြောင်း ပြောသည်။
ထို့ပြင် ဆက်လက်၍ “ချင်းတိုင်းရင်းသားများရဲ့ သင်္ကေတကတော့ အားလုံးသိတဲ့အတိုင်းပဲ၊ အင်မတန်မှ သစ္စာရှိတဲ့ အောက်ချင်းငှက်များ ဖြစ်ပါတယ်။ ကျမတို့ရဲ့ ပြည်ထောင်စုအပေါ်မှာလည်း ချင်းတိုင်းရင်းသားများဟာ သစ္စာစောင့်စည်းသွားမယ်လို့ ကျမက လုံးဝယုံကြည်ပါတယ်” ဟုပြော သည်။
ပြည်ထောင်စုကြီး တိုးတက်ရန် အားလုံးက သဘောထားကြီးရန် လိုကြောင်း၊ သဘောထားကြီးစေသည့် အဓိကကျသည့် အခြေခံအကြောင်းရင်းမှာ ပညာတတ်မြောက်ခြင်း ဖြစ်ကြောင်း၊ ပညာဟုဆိုရာတွင် ကျောင်းပညာရေးတခုတည်းကိုပင် ဆိုလိုခြင်း မဟုတ်ဘဲ လောကကြီးအကြောင်း သိချင်စိတ်ကို အခြေခံသည့် ဆင်ခြင်တုံတရားကို ဆိုလိုခြင်း ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။
“ဒီလို ပညာတွေများမှ ကျမတို့ နိုင်ငံဟာ တကယ့်ကို စစ်မှန်တဲ့၊ တည်တံ့ခိုင်မြဲတဲ့ ညီညွတ်တဲ့ ပြည်ထောင်စုကြီး ဖြစ်လာမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။
ချင်းတိုင်းရင်းသားများနှင့် ပတ်သက်ပြီး ချင်းအမျိုးသားများ၏ ပညာရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ကို အထူးအလေးထား ပြောဆိုခဲ့ကာ ချင်းပြည်နယ်သို့ အလည်အပတ် ရောက်စဉ်ကလည်း ပညာရေးနှင့် ပတ်သက်သည့် ပံ့ပိုးမှုများပေးရန်လည်း တောင်းဆိုခဲ့ကြောင်း သိရသည်။
“ဒီလို ပညာရေးကို အလေးထားတယ်ဆိုတာဟာ ကျမတို့ ပြည်ထောင်စုရဲ့ အနာဂတ်အတွက် အင်မတန်မှ မျှော်လင့်ချက်တွေ ပြည့်စုံစေပါတယ်။ ကျမတို့ရဲ့ လူငယ်များဟာ နိုင်ငံရဲ့ အနာဂတ်အတွက်ကို လုံး၀ ၁၀၀ ရာခိုင်နှုန်း တာဝန်ယူနိုင်မယ့် လူကြီးတွေ ဖြစ်လာမယ်ဆိုတာ ကျမတို့ စိတ်ချလို့ ရပါတယ်။ ဒါကြောင့် ချင်းတိုင်းရင်းသားများရဲ့ ပညာရေးကို အလေးထားမှုကို ကျမ အင်မတန်မှ သဘောကျတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့ုပြင် ချင်းတိုင်းရင်းသားများသည် သမိုင်းကြောင်းအရ ဗမာများနှင့်အတူ လွတ်လပ်ရေးအတွက် ရုန်းကန်ခဲ့ကြကြောင်း၊ ၁၉၄၇ ခုနှစ် ပထမ ပင်လုံညီလာခံတွင်လည်း ချင်းတိုင်းရင်းသားများ ပါဝင်ခဲ့ကြောင်း၊ ဒုတိယ ပင်လုံတွင်လည်း ချင်းတိုင်းရင်းသားများသည် တက်တက်ကြွကြွဖြင့် ငြိမ်းချမ်းရေး ရရှိအောင် ကူညီနေဆဲဖြစ်ကြောင်း ပြောဆိုသည်။
“နှစ်စဉ် နှစ်စဉ် ကျမတို့ တိုင်းရင်းသားများဟာ မိမိတို့ရဲ့ အမျိုးသားနေ့တွေကို ကျင်းပကြပါတယ်။ ဒီလို ကျင်းပတဲ့အခါမှာ ကိုယ့်ရဲ့ မျိုးနွယ်ကို လေးစားတာ၊ ချစ်ခင်တာ၊ မြတ်နိုးတာဟာ တခြားမျိုးနွယ်၊ တခြားလူမျိုးစုတွေကို မချစ်ရာလည်း မကျပါဘူး။ ကိုယ့်ရဲ့ အချင်းချင်းကို ချစ်တတ်မှ၊ မေတ္တာ ထားတတ်မှ တခြားလူတွေအပေါ်မှာလည်း မေတ္တာထားတတ်မှာပါ”ဟု ဒေါ်အောင်ဆန်းစုုကြည်က ပြောဆိုခဲ့သည်။