ကင်ဂျုံနမ်လုပ်ကြံမှုမှာ အာရုံကြောများကို ထိခိုက်ပျက်စီးစေတဲ့ အလွန်ပြင်းတဲ့ ဓာတုအဆိပ် VX အမျိုး အစားကို အသုံးပြုသွားတာဖြစ်တယ်လို့ မလေးရှားရဲက ဆိုပါတယ်။
ရဲချုပ် တန်ဆရီ ခါလစ် အဘူ ဘာကာက ရဲ့ အဆိုအရ ကင်ဂျုံနမ်ရဲ့ မျက်နှာနဲ့ မျက်လုံးမှာ တွေ့ရတဲ့ သဲလွန်စတွေကို ဓာတုလက်နက်ဆိုင်ရာ သုတေသနဗဟိုကို ပေးပို့စစ်ဆေးရာမှာ VX အမျိုးအစား ဓာတုအဆိပ်ကို တွေ့ရတာဖြစ်တယ်လို့ သိရပါတယ်။
ဒီအစီရင်ခံစာအရ VX အမျိုးအစား(N-2 Diisopropylaminoethy)ကို အသုံးပြုခဲ့တာဖြစ်ပြီး၊ ဒီလက်နက်တွေ ဟာ လူကိုအစုလိုက်အပြုံလိုက်သေစေတာကြောင့် ကုလသမဂ္ဂတားမြစ်ထားတယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ဖအေတူမအေကွဲ ကင်ဂျုံနမ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ရက်နေ့ က မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ အသတ်ခံခဲ့ရတာဖြစ်ပြီး၊ ဒီအမှုနဲ့ ပတ်သက်ပြီး ဗီယက်နမ် ၁ဦး အင်ဒိုနီးရှား ၁ဦး၊ မလေးရှားတဦးနဲ့ မြောက်ကိုရီးယားတဦးကို ဖမ်းဆီးထားပါတယ်။
အလားတူ မြောက်ကိုရီးယား သံတမန်တဦးနဲ့ ပြုံယမ်းကော်ယိုလေကြောင်းလိုင်းက ဝန်ထမ်းတဦးကိုလည်း အလိုရှိနေပါတယ်။