တရုတ်နိုင်ငံသားများစွာ ပါဝင်နေသည့် မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းအား ငွေကျပ်သန်းပေါင်း ၄၀၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၅ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရန်ကုန်- တရုတ် (တိုင်ပေ) လေယာဉ် ခရီးစဉ်ဖြင့် လိုက်ပါမည့် တရုတ် (တိုင်ပေ) နိုင်ငံသား CAI JENG ZE အား ကတ်တမင်း ၁၆၀ ဂရမ်နှင့် စတင် ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်သည်။
ထို့နောက် ကွင်းဆက်လိုက်ရှာဖွေရာမှ ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သင်္ဃန်းကျွန်း မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ နမ့်စန်မြို့နယ်များအတွင်းမှ တရုတ်နိုင်ငံသားများအပါအဝင် အမှုနှင့်ဆက်စပ်နေသည့် တရားခံ စုစုပေါင်း ၂၄ ဦးကို အိုက်စ်၊ ကတ်တမင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများ၊ မော်တော်ယာဉ် ၁၀ စီး၊ ရွှေထည်ပစ္စည်းများ၊ သေနတ်စသည့် သက်သေခံပစ္စည်း များဖြင့် ဖမ်းဆီး ရမိခဲ့ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာ တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံသားများအား မြန်မာနိုင်ငံအတွင်း စီးပွားရေးဗီဇာဖြင့် ဝင်ခွင့်ရရှိရန် ဆောင်ရွက်ပေးခဲ့ပြီး အမှုတွင် ဆက်စပ် ပါဝင် နေသည့် Lucky Pioneer Co.Ltd ဒါရိုက်တာ ရန်နိုင်ထွန်းကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။
ကုမ္ပဏီများ မှတ်ပုံတင် ဦးစီးဌာနမှ အချက်အလက်များအရ Lucky Pioneer CO.,Ltd တွင် မြန်မာမှတ်ပုံတင် ကိုင်ဆောင်ထားသူ အားရှို နှင့် ရန်နိုင်ထွန်းက ဒါရိုက်တာ အဖြစ် တာဝန်ယူထားပြီး အမှတ် မ ၂၃/ ၁ (ခ) ၊ သိပ္ပံလမ်း၊ ၆၆ နှင့် ၆၇ ကြား၊ မန္တလေးမြို့တွင် တည်ရှိသည့် Trading ကုမ္ပဏီ ဖြစ်သည်။
ဖေဖော်ဝါရီ လလယ်ပိုင်းက ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတခုတွင် သကြား တင်သွင်းသည့် ကုမ္ပဏီ တခုမှ သယ်ဆောင် လာသည့် ကွန်တိန်နာများထဲတွင် အာဖရိက နိုင်ငံဘက်မှ ကွန်တိန်နာတလုံး ရောနှောပါဝင်လာပြီး ယင်းကွန်တိန်နာထဲတွင် ကိုကင်း မူးယစ်ဆေးများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ကြောင်း သတင်းများ ထွက်ပေးလျက်ရှိသော်လည်း ရဲတပ်ဖွဲ့က သတင်းအပေါ် အတည်ပြုချက် ပေးရန် ငြင်းဆန်ထားသည်။