ထိုင်းနိုင်ငံ ဖူးခက်ဒေသအတွင်း ဖြစ်ပေါ်ခဲ့သည့် လိမ်လည်မှုနှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ်ရေးသားခဲ့သည့် BBC သတင်းဌာနမှ အရှေ့တောင်အာရှရေးရာ သတင်းထောက် ဂျွန်နသန်ဟက်ဒ်သည် ထိုင်းဥပဒေ အရ ထောင်ဒဏ် ၅ နှစ်အထက် အပြစ်ပေးခံရဖွယ် ရှိကြောင်း The Guardian သတင်းက ဆိုပါတယ်။
၂၀၁၅ ခုနှစ်က ဖူးခက်ဒေသတွင် နေထိုင်သည့် နိုင်ငံခြားသား အငြိမ်းစား ၂ ဦး၏ ပိုင်ဆိုင်မှုများကို အာဏာပိုင်တို့က မည်သို့မည်ပုံ ရယူခဲ့မှုနှင့် ပတ်သက်၍ ဂျွန်နသန်ဟက်ဒ်က သတင်းရေးသား ဖော်ပြခဲ့ခြင်း ဖြစ်သည်။
သတင်းထောက် ဂျွန်နသန်ဟက်ဒ်သည် ဗြိတိန်နိုင်ငံသား အငြိမ်းစား တဦးဖြစ်သူ အိုင်ယန်ရင့်စ် (Ian Rance) နှင့် အတူ ဖူးခက် တရားရုံးတွင် တရားစွဲဆို ခံထားရခြင်း ဖြစ်ပြီး၊ ၎င်းတို့ ၂ ဦးစလုံးက အပြစ်မရှိကြောင်း တရားရုံးတွင် ယမန်နေ့က လျှောက်လဲခဲ့သည်။
လူ့အခွင့်အရေး အဖွဲ့များက ယင်းသို့ သတင်းသမားနှင့် သတင်းဌာန အပေါ် အသရေဖျက်မှု၊ ကွန်ပျူတာ ရာဇဝတ်မှုများဖြင့် တရားစွဲဆို အရေးယူခြင်းသည် နိုင်ငံတွင်း ဖြစ်နေကျ အကျင့်ပျက်ခြစားမှုများကို ဖော်ထုတ်ရန် ခက်ခဲသွားစေသည်ဟု ဆိုသည်။
ယင်းတို့ နှစ်ဦးစလုံး၏ နိုင်ငံကူးလက်မှတ်များကို တရားရုံးသို့ ပေးအပ်ထားရပြီး၊ တရားရင်ဆိုင်နေရသည့် ၂ နှစ်တာ အတွင်း ဂျွန်နသန်ဟက်ဒ် သည် အာရှ၏ အခြားဒေသများသို့ မသွားရောက်နိုင်ခဲ့ပေ။
Ian Rance သည် ၂၀၀၁ ခုနှစ်ကတည်းက ဖူးခက်တွင် အငြိမ်းစားယူကာ ဒေသခံ အမျိုးသမီးတဦးနှင့် အိမ်ထောင်ပြုကာ ကလေး ၃ ဦး ရှိပြီး ပေါင် ၁ သန်းနီးပါး တန်ဖိုးရှိ ပစ္စည်းများ ပိုင်ဆိုင်သည်။
ထိုင်းဥပဒေအရ နိုင်ငံခြားသားများသည် မြေယာပိုင်ဆိုင်ခွင့် မရှိသော်လည်း သူတို့ကုမ္ပဏီအမည် သို့မဟုတ် သူတို့ ယုံကြည်ရသူ အမည်ဖြင့်သာ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုကို ထားရှိရသည်။
၂၀၁၀ ခုနှစ်တွင် ဇနီးဖြစ်သူက လက်မှတ်အတုထိုးကာ Ian Rance အား ဒါရိုက်တာ နေရာမှ ဖယ်ရှားပစ်ပြီး ပိုင်ဆိုင်မှုများ ကိုလည်း ဒေသတွင်း ငွေချေးသူ အေးဂျင့်များ အကူအညီနှင့် ရောင်းချပစ်ခဲ့သည့် အတွက် သူမသည် ၄ နှစ်ကြာ ထောင်ချခံခဲ့ရပြီး၊ Ian Rance က ၎င်း၏ ပိုင်ဆိုင်မှုများ ပြန်ရရေး တရားရုံးတွင် အမှု ရင်ဆိုင်နေရသည်။
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ အာရှဒေသ ဒါရိုက်တာ ဘရက်အဒမ် (Brad Adams) က “တကယ့်ကိုပါပဲ ဥပဒေ ချိုးဖောက်မှု အသရေဖျက်မှု ဆိုတဲ့ ဥပဒေနဲ့ ရင်ဆိုင်နေရတာဟာ ဆိုးလွန်းပါတယ်။ တရားမျှတရေး အတွက် ဥပဒေကစားပွဲမှာ ထိုင်းတရားစီရင်ရေး စနစ်က လူတွေကို ဒရွတ်တိုက်ဆွဲနေတာပဲ” ဟု ပြောဆိုသည်။