ရွှေပြည်သာမြို့နယ် စက်မှုဇုန်၌ ကုမ္ပဏီတခု၏ ဂိုဒေါင်အတွင်း ပြည်ပမှတင်သွင်းလာသော သကြားအိတ်များနှင့် ရောနှောပါလာသည့် ကိုကင်း အလေးချိန် ၂၀၀ ကီလို ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ကုမ္ပဏီက ပြည်ပမှ တင်သွင်းလာသော သကြားအိတ် ၅၆၀ အိတ် နှင့်အတူ မသင်္ကာဖွယ် အတုံးအခဲများ ထည့်ထားသည့် ခရီးဆောင်အိတ် ၇ အိတ်ကို တွေ့ရှိသဖြင့် တာဝန်ရှိသူက ရဲတပ်ဖွဲ့ဖို့ အကြောင်းကြားခဲ့ရာမှ စတင်တွေ့ရှိခဲ့ပြီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက “မိတာက သာဓုကန် စက်မှုဇုန်ထဲကလို့ သိရတယ်၊ ကုမ္ပဏီ နာမည်တော့ မသိရသေးဘူး” ဟု ပြောသည်။
ရွှေပြည်သာ စက်မှုဇုန် အတွင်းရှိ အခြားကုမ္ပဏီ တခုမှလည်း ပြည်ပမှ တင်သွင်းလာသော သာကြားအိတ်များထည့်သွင်းထားသည့် ကွန်တိန်နာအတွင်းမှ ကိုကင်း ၂၅၀ ကီလိုကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။
သကြားအိတ်များနှင့်ရောနှော၍ ဖမ်းမိထားသည့် ကိုကင်းများမှာ စုစုပေါင်း ၄၅၀ ကီလိုရှိပြီဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၂၁၇၆၀ ခန့်ရှိကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
မြန်မာ စက်မှုဆိပ်ကမ်း တာဝန်ရှိသူ တဦးမှ ကိုကင်းပါဝင်သော ကွန်တိန်နာမှာ စင်္ကာပူနိုင်ငံမှ တဆင့် မြန်မာစက်မှု ဆိပ်ကမ်း (MIP) သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သတင်းမီဒီယာများကို ပြောကြား ထားသည်။
အဆိုပါ သကြားများမှာ ဘရာဇီး နိုင်ငံမှ တဆင့် တင်သွင်းလာခြင်း ဖြစ်ကြောင်း သကြားလုပ်ငန်း လုပ်ကိုင်သူ အများစုက ပြောဆိုကြသည်။
MIP ဆိပ်ကမ်း အတွင်း ဇန်နဝါရီ ၂၄ ရက်က စတင်ကာ တရားမဝင်သစ်များကို ကွန်တိန်နာ အတွင်းမှ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက် ဖော်ထုတ်မှုများအရ လက်ရှိအချိန်အထိ တရားမဝင် ကျွန်းနှင့်ပိတောက်သစ် တန် ၁ ထောင်ကျော်ကို ရွှေပြည်သာ၊ လှိုင်သာယာ စသည့် မြို့နယ်များရှိ စက်ရုံများတွင် ဖမ်းမိထားကြောင်း သစ်တောရေးရာဦးစီးဌာနက ထုတ်ပြန်ထားသည်။