ကင်ဂျုံနမ် အသတ်ခံရမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ ယူဆခံရတဲ့ မြောက်ကိုရီးယား သံအရာရှိ ဟွန်ကွမ် ဆောင်အနေနဲ့ လာရောက်ရှင်းလင်းဖို့ မလေးရှားအာဏာပိုင်တွေက ပြောဆိုလိုက်ပြီး၊ မရှင်းလင်းပါက ဖမ်းဝရမ်း ထုတ်နိုင်တယ်လို့ မနေ့ကဆိုလိုက်ပါတယ်။
မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံရုံးမှ ဒုတိယအတွင်းဝန် အသက် ၄၄နှစ်အရွယ်ရှိ ဟွန်ကွမ်ဆောင် အနေနဲ့ လူသတ်မှုနဲ့ ပတ်သက်ပြီး လာရောက် ရှင်းလင်းဆွေးနွေးဖို့ ၊ မလာရောက်ပါက ရဲတပ်ဖွဲ့ အနေနဲ့ မဖြစ်မနေ လုပ်ဆောင်ရလိမ့်မယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောလိုက်တာဖြစ်ပါတယ်။
“တကယ်လို့ ဒီလိုသတိပေးတာကို ပျက်ကွက်မယ်ဆိုရင်၊ ကျနော်တို့အနေနဲ့ နောက်တဆင့်တက်ပြီး တရားရုံး ကနေ ဖမ်းဝရမ်းနဲ့ လုပ်ဆောင်ရပါလိမ့်မယ်လို့” ဆီလန်ဂေါ ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲ အဗ္ဗဒူ ဆမတ် မက် က ပြောကြောင်း South China Morning Post သတင်းကဆိုပါတယ်။
ဟွန်ကွမ်ဆောင်ဟာ သံတမန်တယောက်ဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့အနေနဲ့ ထိန်းသိမ်းထားနိုင်ခွင့် ရှိမရှိဆိုတာ ကတော့ မရှင်းလင်းသေးပါဘူး။
ကင်ဂျုံနမ်အသတ်ခံရမှုမှာ မြောက်ကိုရီးယား ၈ဦးကို အလိုရှိနေပြီး၊ ၄ဦးကတော့ ကင်ဂျုံနမ်အသတ်ခံရ တဲ့ ဖေဖော်ဝါရီ ၁၃ရက်နေ့ကတည်းက မလေးရှားကနေ ထွက်သွားခဲ့ပါပြီ။ လက်ရှိမှာ မြောက်ကိုရီး ယားတဦးကို ထိန်းသိမ်းထားပြီး၊ နောက်တဦးကတော့ မလေးရှားမှာ ရှိနေဆဲလို့ ယူဆပါတယ်။
ဒီအမှုမှာ ကနဦးဖမ်းဆီးထားသူ အင်ဒိုနီးရှား အမျိုးသမီး ဆစ်တီအီစီရာကလည်း သူဟာ လူသတ်မှုလို့ မထင်ပဲ နောက်ပြောင်ကာခိုင်းစေတယ်လို့ ယူဆတဲ့အတွက် မလေးရှား ရင်းဂစ် ၄၀၀(အမေရိကန် ဒေါ်လာ ၉၀)သာ ယူခဲ့တဲ့အတွက် အပြစ်မရှိဘူးလို့ မနေ့ကသွားတွေ့တဲ့ အင်ဒိုနီးရှားသံအမတ်ကြီးကို ပြောပါတယ်။
အလားတူ ဗီယက်နမ်သူ ဒေါင်သီဟောင်းကိုလည်း ဗီယက်နမ်သံအမတ် ကြီးက မနေ့က သွားတွေ့ခဲ့ပါတယ်။
ကင်ဂျုံနမ်ရဲ့ မျက်နှာကို VX ဒြဗ်ပေါင်းပါတဲ့ ဓာတုအဆိပ်နဲ့ ပက်ကာ လုပ်ကြံခဲ့တာဖြစ်တဲ့အတွက် ကွာလာလမ်ပူလေဆိပ်မှာ ဓာတုအဆိပ်သင့် ကျန်မကျန်ကို မလေးရှားကျွမ်းကျင်သူတွေက ရှာဖွေ နေပါတယ်။