သတင်းတို

ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC တွေ့မည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု မှ ကိုယ်စားလှယ်များ မတ်လ ၁ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ကြောင်း နှစ်ဘက် တာဝန်ရှိသူများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသော အကျပ်အတည်းများ၊ ၎င်းတို့နှင့် အစိုးရအကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး ကိစ္စရပ်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် UNFC က တောင်းဆိုထားခဲ့ရာ တွေ့ဆုံရန် ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလျှင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲ အကျပ်အတည်းများ အပြင် ၎င်းတို့ ဘက်က အဆိုပြုထားသော စစ်ရေး၊ နိုင်ငံရေး ကိစ္စရပ်များ ပါဝင်သည့် အချက် ၉ ချက် ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးသွားမည်ဟု UNFC က ဆိုသည်။

အစိုးရနှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် မရေးထိုးရသေးသော UNFC ၏ နေပြည်တော် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီးပါက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) နှင့် ထပ်မံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပင်လုံမြို့တွင် ကျင်းပသော ပြည်ထောင်စုနေ့ အခမ်းအနားတွင် အပစ်မရပ် ရသေးသည့် အဖွဲ့များ အနေဖြင့် NCA စာချုပ်ကို သတ္ထိရှိရှိ၊ ယုံကြည်စွာ လက်မှတ်ရေးထိုးပြီး မကြာမီ ကျင်းပတော့မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံသို့ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံထားသည်။

Loading