ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရွာသာယာ ကျေးရွာအုပ်စု ဖိုးဦးတောင်ရွာသစ်ကျေးရွာအနီး ကျောက်စရစ်စုပ် စက်လှေများဖြင့် ကျောက်စရစ် စုပ်ယူနေမှုကြောင့် ဒေသခံ ငါးဖမ်းလုပ်သားများ ထိခိုက် နစ်နာမှုများ ကြုံတွေ့နေရသည့် အတွက် ကျောက်စုပ်လုပ်ငန်းများ ဖယ်ရှားပေးရန် ပြည်မြို့တွင် ယနေ့နံနက်ပိုင်းက ဒေသခံငါးဖမ်းလုပ်သား ၁၀၀ ကျော် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
၂၀၁၁ ခုနှစ်မှ စတင်၍ အဆိုပါ ကျောက်စရစ်စုပ် လုပ်ငန်းများအား ကန့်ကွက်ကြောင်း၊ လုပ်ကွက်များ ထပ်မံ မချပေးရန် နှစ်စဉ် တရားဝင် တိုင်ကြား တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း တာဝန်ယူ ဆောင်ရွက်ပေးခြင်း မရှိသဖြင့် အနောက် လက်ခုပ်ပင် ကျေးရွာများရှိ ဒေသခံ ငါးဖမ်းလုပ်သား ၁၀၀ ကျော် ပါဝင်ခဲ့ပြီး ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်မှ စတင်၍ ဗိုလ်ချုပ်လမ်း၊ မြောက်ဆောင်းတန်းလမ်း၊ စစ်ကဲလမ်း၊ လမ်းရှည်လမ်းနှင့် လမ်းမတော်လမ်း စသည့် လူစည်းကားရာ နေရာများသို့ ချီတက် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
“ ကျောက်စုပ် စက်လှေတွေကြောင့် ရေလုပ်သားတွေလည်း ဘာမှလုပ် မရသလို ကိုင်းသမားတွေလည်း ကမ်းပါးတွေပြိုတဲ့ အတွက် လုပ်ကိုင် စားသောက်ရတာ အဆင်မပြေတော့ပါဘူး။ ခရိုင်အုပ်ချုပ်ရေးတို့ ရေအရင်းအမြစ်တို့က ဆင်းလာပေမယ့် ကျနော်တို့ ကျေးရွာတွေကို ကူညီတာ မရှိဘူး။ ကျောက်မော်တော်တွေကို သူတို့ ဘက်လိုက်တယ်။ နေရာတွေ သတ်မှတ်ပေးပြီး မော်တော်တွေနဲ့ အတင်းအဓမ္မကို စုပ်တာ။ အဲဒါကို မခံနိုင်လို့ အခုလို ဆန္ဒပြတာပါ။” ဟု ကိုမင်းသူရိန်ကဆက်ပြောသည်။
အောက်တိုဘာလ ကလည်း ပန်းတောင်းမြို့နယ်အတွင်း ဒေသခံများ ကန့်ကွက်မှုကြောင့် ဖေါင်းကန်ကျေးရွာအနီးနှင့် သောင်ကြီးကျေးရွာအနီးရှိ ကျောက်စရစ်စုပ်လုပ်ငန်းလုပ်ကွက် ၂ ခုအား ရပ်ဆိုင်းခဲ့ရသည်။
၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ပြည်ခရိုင် အပိုင် ဧရာဝတီမြစ်အတွင်း ကျောက်စရစ်စုပ် လုပ်ငန်း လိုင်စင် ၄၇ လျှောက်ထားခဲ့ရာ ၁၇ ခုကိုသာ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်ကာ ပန်းတောင်းမြို့နယ်တွင် ၈ ခု၊ ရွှေတောင်မြို့နယ်တွင် ၇ ခုနှင့် ပြည်မြို့နယ်တွင် ၂ ခု လုပ်ကိုင်ခွင့်ပြုထားပြီး လုပ်ငန်းခွင် တခုလျှင် ကျောက်စရစ်ကျင်း ၂၀၀၀ ထုတ်လုပ်ခွင့်ပြုထားပြီး လုပ်ငန်းရှင်များမှ အစိုးရအား တကျင်းလျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် အခွန်ဆောင်ရကြောင်းသိရသည်။