ကင်ဂျုံနမ် အသတ်ခံရမှုမှာ အဖမ်းခံထားရတဲ့ ဗီယက်နမ်သူ ဒေါင်သီဟောင်းနဲ့ အင်ဒိုနီးရှားသူ ဆီတီ အစ်စီရာတို့ကို ကျည်ကာအင်္ကျီများ ဝတ်ဆင်ပြီးပေးကာ ယနေ့ရုံးထုတ်ခဲ့ပါတယ်။
ဒေါင်သီဟောင်းနဲ့ ဆီတီအစ်စီရာတို့ ၂ဦးလုံးက အကျဉ်းထောင်မှာ အချုပ်ခံထားရစဉ် လာရောက်တွေ့ ဆုံခဲ့တဲ့ သက်ဆိုင်ရာသံအမတ်ကြီးတွေကို သူတို့အနေနဲ့ ဒီလူသတ်မှုမှာ အသုံးချခံသက်သက်သာ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ Reuters သတင်းက ဆိုပါတယ်။
ဒေါင်သီဟောင်းရဲ့ ရှေ့နေ ဆယ်ဗင်း ရှန်မူဂမ်က “သူအရမ်းပဲ စိတ်သောကရောက်နေတယ်၊ သေဒဏ် နဲ့ ရင်ဆိုင်ရနိုင်တယ်လေ၊ နောက်ပြီး ငြင်းလည်းငြင်းတယ်၊ သူ့အနေနဲ့ အပြစ်မရှိဘူးလို့လည်း ပြော တယ်”လို့ ဆိုပါတယ်။
ဆီတီ အစ်စီရာ နဲ့ ဒေါင်ဟာ ကင်ဂျုံနမ်အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ပုဒ်မ ၃၀၂ နဲ့ တရားစွဲဆိုခြင်း ခံထား ရပါတယ်။
အင်ဒိုနီးရှား နိုင်ငံ သား ဆစ်တီ အစ်စီရာကို အနေဖြင့် တရားမျှတသည့် တရားခွင်ကို ရရှိမည်ဟု မျှော်လင့်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အာမန်နာသာ နေဆာကလည်း ပြောပါတယ်။
ဆစ်တီ အစ်စီရာမှာ ကင်ဂျုံနမ်အမှုတွင် နောက်ပြောင်မှု တခုဟုသာ သိရပြီး၊ ထို့အတွက် အမေရိကန် ဒေါ်လာ ၉၀သာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဖအေတူမအေကွဲ အကို ကင်ဂျုံနမ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ မကာအိုသို့ သွားဖို့ လုပ်နေစဉ် လေဆိပ်မှာ VX ဒြဗ်ပေါင်း အဆိပ်နဲ့ ပက်ကာ အသတ်ခံခဲ့ရခြင်းဖြစ်ပါတယ်။
ထိုအမှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနဲ့ မလေးရှားအကြားမှာ သံတမန်ရေးရာ တင်းမာမှုတွေ ဖြစ် ပွားခဲ့သလို မလေးရှား အခြေစိုက် မြောက်ကိုရီးယားသံရုံး ဒုတိယ အတွင်းဝန် ဟွန်ကွမ်ဆောင်နဲ့ မြောက်ကိုရီးယား လေကြောင်းလိုင်းက ဝန်ထမ်းတဦးကို အလိုရှိနေသလို၊ တိမ်းရှောင်သွားတဲ့ တခြားသော မြောက်ကိုရီးယား ၄ဦးကိုလည်း မလေးရှားက ဖမ်းဆီးရန် အလိုရှိနေပါတယ်။