တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဗီယက်နမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Ngo Xuan Lich ၏ဖိတ်ကြားချက်အရ ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် လေဆိပ်မှထွက်ခွာခဲ့ ပါတယ်။
ယင်းအဖွဲ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့်အတူ အဖွဲ့ဝင်များအဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ လိုက်ပါသွားကြပါတယ်။
ခရီးစဉ်အတွင်း ဗီယက်နမ်နိုင်ငံအကြီးအကဲများ၊ စစ်ဘက်ဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံဆွေး နွေးမှုများ ဆောင်ရွက်ခြင်း၊ ဗီယက်နမ်နိုင်ငံအတွင်းရှိ အထင်ကရနေရာများအား လှည့်လည်ကြည့်ရှု လေ့လာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဗီယက်နမ်ခရီးစဉ်နှင့်တစ်ဆက်တည်း ကမ္ဘောဒီးယားနိုင်ငံသို့လည်း ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်မည်ဖြစ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက သတင်းထုတ်ပြန်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ဗီယက်နမ်ကို ဒုတိယအကြိမ် သွားရောက်ခြင်းဖြစ်ပြီး၊ ကာကွယ်ရေးဦးစီးချုပ် စတင်တာဝန်ထမ်းစဉ်က သူ၏ ပထမဆုံး ပြည်ပ ခရီးစဉ်မှာ ဗီယက်နမ်ဖြစ်ပါတယ်။
ထိုစဉ်က မြန်မာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အသစ်အနေဖြင့် တရုတ်ပြည်သို့ ပထမဆုံးသွား လိမ့်မည်ဟု အများက ခန့်မှန်းချက်များသော်လည်း ဗီယက်နမ်သို့သာ ပထမဆုံးသွားခဲ့ပါတယ်။