IS နဲ့ ဆက်သွယ်ကာ အကြမ်းဖက်လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်တဲ့ လူ ၇ဦးကို မလေးရှားရဲအဖွဲ့က ဖမ်းဆီးထားကြောင်း ယနေ့ သတင်းထုတ်ပြန်ပါတယ်။
ရဲတပ်ဖွဲ့ ထုတ်ပြန်တဲ့သတင်းအရ ၎င်းတို့ကို ဖေဖော်ဝါရီလအတွင်းက ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး၊ အသက် ၄၁နှစ်နဲ့ ၂၈နှစ်အရွယ် ၂ဦးဟာ ကွာလာလမ်ပူမြို့ ကီပေါင်အရပ်က စက်ရုံတခုမှ ပညာရှင်တွေ ဖြစ်ကြောင်း၊ သူတို့ကို ညွှန်ကြားသူမှာ မိုဟာမက် ဝမ်ဒီဆိုသူဖြစ်ပြီး၊ သူဟာလည်း ပြီးခဲ့တဲ့နှစ်က ပူချောင်းရှိ မိုဗီဒါ နိုက်ကလပ် ကားဗုံးခွဲဖို့ ဆီးရီးယားရှိ IS နဲ့ ချိတ်ဆက် စီစဉ်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
တတိယမြောက်ဖမ်းဆီးထားသူကတော့ အသက် ၃၇နှစ်အရွယ် အရှေ့အာရှသားတဦးဖြစ်ပြီး ကျောင်းသားဗီဇာအတုနဲ့ မလေးရှားကို ဝင်ရောက်လာကာ အရှေ့အာရှမှာရှိတဲ့ အကြမ်းဖက်အဖွဲ့ နဲ့ ပတ်သက်သူလို့ ယူဆပြီး၊ မလေးရှားကို ကြားခံအသုံးပြု နေသူဖြစ်ပါတယ်။
စတုထ္တမြောက် ယီမင်တဦးဖြစ်ပြီး၊ အထောက်အထားအတုတွေနဲ့ ဝင်လာတဲ့ ယီမင်သူပုန်လို့ ယူဆပြီး၊ သူ့ဆီကနေ နိုင်ငံပေါင်းစုံ ပတ်စ်ပို့တွေ၊ နိုင်ငံပေါင်းစုံမှ ငွေကြေးတွေသိမ်းဆည်းရမိပါတယ်၊ သူဟာ ယီမင်သူပုန်အတွက် ဘဏ္ဍာငွေ ရှာနေသူလို့ သိရပါတယ်။
သူတို့ကို အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်သွယ်မှုအပါအဝင် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ အရေးယူမယ်လို့ ဆိုပါတယ်။