မြောက်ကိုရီးယားက ဒုံးပျံ ၄စင်းကို ဂျပန်ပင်လယ်အတွင်းသို့ ယနေ့နံနက်စောစော ပိုင်းက ပစ်လွှတ် စမ်းသပ်ရာ ၃စင်းမှာ ဂျပန်၏ အထူးစီးပွားရေးဇုန် ရေပိုင်နက်အတွင်း ကျရောက် ကြောင်းသိရပါ တယ်။
အဆိုပါ ဒုံးပျံ ၄စင်းကို နိုင်ငံအရှေ့ပိုင်း တရုတ်နယ်စပ်အနီးရှိ တုန်ချန်ရီ ဒေသကနေ ပစ်ခတ်လိုက်တာ ဖြစ်ပြီး၊ ဒီဒုံးပျံတွေဟာ ကီလိုမီတာ ၁၀၀၀(၆၂၁ မိုင်)အကွာအဝေးအထိ ပစ်ခတ်နိုင်တဲ့ ဒုံးပျံတွေဖြစ်ပါ တယ်။
မြောက်ကိုရီးယားရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်ကတော့ ဒါဟာ ရန်စမှုသက်သက်ဖြစ်ပြီး၊ ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာလို့ ဆိုပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့အနေနဲ့လည်း မြောက်ကိုရီးယားလုပ်ရပ်ကို အနီးကပ်စောင့်ကြည့် နေသလို၊ တောင်ကိုရီးယားကလည်း အမျိုးသားလုံခြုံရေး အစည်းအဝေးတခုခေါ်ယူထားပါတယ်။
မြောက်ကိုရီးယားဟာ ကင်ဂျုံနမ်အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ပြစ်တင်ဝေဖန်ခံရနေချိန်မှာ ထိုသို့ ဒုံးပျံတွေကို ပစ်လွှတ်ပြလိုက်ခြင်းဖြစ်ပါတယ်။
ကင်ဂျုံနမ်အသတ်ခံရမှုအပြီး မြောက်ကိုရီးယားကို တရုတ်က ကျောက်မီးသွေးတင်ပို့မှု ဖြတ်တောက် လိုက်တဲ့အတွက် မြောက်ကိုရီးယားကလည်း တရုတ်ကို အမေရိကန်အလိုကျ ကြိုးဆွဲရာကနေတယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။