မြန်မာဘက်ခြမ်းမှ လာသည့် မီးခိုးများက ထိုင်းနိုင်ငံ မြောက်ပိုင်း မြူပြဿနာကို ပိုမိုဆိုးရွားစေ ကြောင်း ဘူမိသတင်း အချက်အလက်နှင့် အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဌာန (GISTDA) က ဆိုသည်။
အဆိုပါ မြူခိုးများ ပြဿနာမှာ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် ရှမ်းပြည်နယ် ဒေသတချို့တွင် လေထု ညစ်ညမ်းမှုများ နှစ်စဉ်ဖြစ်ပေါ်လျှက်ရှိသည်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှ ထွက်ပေါ်လာသည့် မီးခိုးများသည် တောမီးလောင်ခြင်း၊ CP ပြောင်းစိုက် ပျိုးရန် တောရှင်းရာမှ ထွက်ပေါ်သည့် မီးခိုးများဖြစ်သည်။
ထိုအချက်ကြောင့် ထိုင်းနိုင်ငံသား အခွင့်အရေးနှင့် စုံစမ်းစစ်ဆေးရေး သတင်းပညာအဖွဲ့ (TCIJ)က ရှမ်းပြည်မှ ပြောင်းစိုက်ပျိုးခြင်းသည် ထိုင်းလုပ်ငန်းရှင်ကြီးများ ဆက်စပ်ပတ်သက်နေကြောင်း ထုတ် ဖော်ပြောဆိုနေသည်။
ထိုင်းနိုင်ငံကမူ ၎င်း၏ မြောက်ပိုင်းဒေသတခွင် ခြောက်သွေ့ရာသီရောက်ပါက မီးရှို့စိုက်ပျိုးခြင်းကို သာမက အမှိုက်မီးရှို့မှုကိုပင် တင်းကျပ်သည့် စည်းမျဉ်းလုပ်ထုံး လုပ်နည်းများနှင့် ပိတ်ပင်ထား သော် လည်း ဒေသတွင်း မီးခိုးမြူဆိုင်းခြင်းက လာမည့်ရက်အတွင်း ဆက်လက်ဆိုးရွားနေမည်ဟု ခန့် မှန်း ကြသည်။
GISTDA ၏ ဂြိုလ်တုဓာတ်ပုံများအရ မယ်ဟောင်ဆောင်ပြည်နယ်နှင့် မျက်နှာခြင်းဆိုင်ရှိ ရှမ်းပြည်နယ် တွင် မီးခိုးမြူများ ထူထပ်သည့်နေရာ အများအပြားကို မြင်တွေ့နေရပြီး လေတိုက်ခတ်ရာ လမ်းကြောင်း အတိုင်းဆိုပါက ထိုင်းနိုင်ငံသို့ ရွေ့လျားလာမည်ဟု ခန့်မှန်းသည်။
ထို့အပြင် ယခုအချိန်တွင် လောင်ကျွမ်းတတ်သည့် တောမီးကို မထိန်းချုပ်နိုင်ခြင်းနှင့် မြန်မာဘက်မှ ဝင် ရောက်လာသည့် မီးခိုးမြူများကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားလာနိုင်ကြောင်း မယ့်ဟောင်ဆောင် ပြည်နယ် သယံဇာတနှင့် သဘာ၀ ဝန်းကျင်ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူး Somsak Sappakosolkul ကဆိုသည်။
“ပြည်နယ် တခုလုံး တရားမဝင် စိုက်ခင်း မီးရှို့တာတွေရှိသလို၊ မြန်မာဘက်မှာလည်း စိုက်ခင်းအတွက် မီးအကြီးအကျယ်ရှို့နေတယ်၊ အဲဒီမီးခိုးတွေ လေနဲ့အတူမျောလာရင် ကျနော်တို့ ပြည်နယ်ရဲ့ လေထု အရည်အသွေး ထိခိုက်မယ်”ဟု သူက ဆက်ရှင်းပြသည်။
မီးခိုးမြူများသည် လေထုအရည်အသွေးကို အကြီးအကျယ်ထိခိုက်မည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်နေသကဲ့သို့ မြင်ကွင်းမရှင်းလင်းမှုများကို ဖြစ်စေသည်ဟုလည်းဆိုသည်။
GISTDA ၏ မီးလောင်ကျွမ်းမှု ထိန်းချုပ်ရေးစနစ်က ပြသသော မီးခိုးမြူထပ်မှုပြ မြေပုံအရ ထိုင်းနိုင်ငံ နယ်စပ် ရှမ်းပြည်တောင်ပိုင်းတွင် မီးခိုးမြူထူထပ်သော နေရာများရှိသလို၊ ထိုင်းဘက်ခြမ်းရှိ သစ်တော မြေများရှိသော လမ်းဖွန်း၊ လမ်ပန်းနှင့် တပ်ခ် ခရိုင်တို့တွင် မီးခိုးမြူထူထပ်သည့် နေရာများရှိနေသည်။
GISTDA ၏ လေတိုက်ခတ်ရာ လမ်းကြောင်းပြ မြေပုံအရ လေသည် မြန်မာဘက်မှ ထိုင်းဘက်သို့ တိုက်ခိုက်နေပြီး ပျမ်းမျှအမြန်နှုန်းမှာ ၃မိုင်မှ ၆မိုင်နှုန်းအထိ ရှိနေသည်။
လွန်ခဲ့သည့် အပတ်က ထုတ်ပြန်သည့် TCIJ အစီရင်ခံစာအရ ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၌ ပြောင်း စိုက်ခင်း အများဆုံးရှိသော ဒေသဖြစ်ပြီး၊ စိုက်ခင်းအကျယ်မှာ ရိုင် ၁.၁၅ သန်းခန့်ရှိကာ တနိုင်ငံလုံး၌ မီးခိုးထူထပ်သည့် နေရာအများဆုံးရှိသည့် ဒေသဖြစ်သည်။
ပြီးခဲ့သည့် နှစ်များအတွင်း ရှမ်းပြည်နယ်တွင် ပြောင်းစိုက်ပျိုးမှုကို အကြီးအကျယ်တိုးချဲ့ခဲ့ရာ စိုက်ခင်း များ၏ ၇၀ ရာခိုင်နှုန်းကို ထိုင်းလုပ်ငန်းစုကြီးဖြစ်သည့် Charoen Pokphand ၏ လုပ်ငန်းခွဲ Myanmar CP Livestock Company က လုပ်ကိုင်နေကြောင်း သိရသည်။
တပ်ခ်၊ လမ်ပန်းခရိုင်များမှ လွဲ၍ မြောက်ပိုင်းပြည်နယ်အားလုံးတွင် အန္တရာယ်ကင်းသည့် အဆင့်တွင် ရှိနေကြာင်း ဆိုသည်။
လွန်ခဲ့သည့် နှစ်များအတွင်းကလည်း မီးခိုးမြူများကြောင့် မြန်မာနိုင်ငံ တာချီလိတ်နှင့် ကျိုင်းတုံ လေယာဉ်ကွင်းများ ခေတ္တပိတ်ထားခဲ့ရသည်အထိ ဖြစ်ပွားခဲ့သည်။