မြောက်ကိုရီးယားရှိ မလေးရှားနိုင်ငံသားများ နိုင်ငံအတွင်းမှ ထွက်ခွာခွင့်ကို မြောက်ကိုရီးယား အာဏာပိုင်များ ပိတ်ပင်လိုက်တဲ့အတွက် ပြုံယမ်းလေဆိပ်မှာ မလေးရှားနိုင်ငံသား ၁၁ဦး ထွက်ခွာခွင့် မရခဲ့ တားမြစ်ခံခဲ့ရပါတယ်။
ကင်ဂျုံနမ် အသတ်ခံခဲ့ရမှု အပြီး မလေးရှားက မြောက်ကိုရီးယား သံအမတ်ကို ၄၈နာရီအတွင်း နိုင်ငံမှ ထွက်ခွာရန် နှင်ထုတ်ပြီးနောက် ယခုကဲ့သို့ မြောက်ကိုရီးယားဘက်က ပြန်လည်တုံ့ပြန်လိုက်ခြင်းဖြစ်ပါ တယ်။
ဒါဟာ ကင်ဂျုံနမ် အသတ်ခံရမှုမှာ VX ဒြဗ်ပေါင်း ဓာတုလက်နက်နဲ့ လုပ်ကြံခံရတယ်ဆိုတဲ့ မလေးရှား ရဲ့ စုံစမ်းစစ်ဆေးမှုအပေါ်မှာ မြောက်ကိုရီးယားရဲ့ အမျက်ထွက်ခြင်းဖြစ်ပြီး၊ သူတို့ဘက်ကတော့ ကင်ဂျုံနမ်ဟာ နှလုံးရောဂါနဲ့ သေဆုံးတာဖြစ်တယ်လို့ ဆိုပါတယ်။
ကင်ဂျုံနမ် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မလေးရှားအစိုးရက မြောက်ကိုရီးယားကို တိုက်ရိုက်အပြစ် မတင်ပေမယ့် ပြုံယမ်းမှာ တာဝန်ရှိတယ်လို့တော့ သံသယရှိပါတယ်။
အဲဒီအပေါ်မှာ မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့ပြီး၊ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး မလေးရှားဟာ မြောက်ကိုရီးယားရဲ့ ရန်သူတွေနဲ့ ပူးပေါင်းပြီး လိမ်လည်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဖအေတူမအေကွဲ အကို ကင်ဂျုံနမ်ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ အသတ်ခံခဲ့ရခြင်းဖြစ်ပြီး၊ ထိုအမှုနှင့် ပတ်သက်၍ ဗီယက်နမ်သူတဦး၊ အင်ဒိုနီးရှားသူတဦး၊ မလေးရှားနိုင်ငံသားတဦးနှင့် မြောက်ကိုရီးယား တဦးကို ဖမ်းဆီးထားပြီး၊ မြောက်ကိုရီးယား နိုင်ငံသားကိုမူ ပြန်လည်လွှတ်ပေးခဲ့သည်။