ကုန်စည်သယ်ယူပို့ဆောင်ရေး နှင့် ဖြန့်ဖြူးရေးကဏ္ဍသို့ အလုပ်လျှောက်ထားမှုမှာ ယခင်နှစ်များထက် ပို၍ မြင့်တက်လာကြောင်း Work.com.mm ၏ ဖေဖော်ဝါရီလ အလုပ်အကိုင် စစ်တမ်း ထုတ်ပြန်ချက်အရ သိရသည်။
အခြားကဏ္ဍများထက် ကုန်စည်သယ်ယူပို့ဆောင်ရေး နှင့် ဖြန့်ဖြူးရေးကဏ္ဍတွင် လုပ်သား လိုအပ်ချက် များပြားနေခြင်းကြောင့် အလုပ်လျှောက်ထားမှု မြင့်တက်လာခြင်း ဖြစ်နိုင်ကြောင်း၊ လျှောက်ထားသူ များပြားသော်လည်း လုပ်ငန်းကျွမ်းကျင်သည့် ဝန်ထမ်း လိုအပ်ချက်များ ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Phee Group of Companies မှ General Manager ကိုဂျွန်နသန်က ”ဒီနေ့ ဈေးကွက်ထဲမှာ Supply Chain and Logistics ကဏ္ဍ အတွက်ဆိုရင် ဝန်ထမ်း လိုအပ်ချက်က များတယ်။ ဒါပေမယ့် တကယ်တမ်းရှိနေတဲ့ လူတွေရဲ့ အရည်အချင်းက တော်တော်လေး နည်းနေသေးတယ်လို့ ပြောရမှာပဲ” ဟု သုံးသပ် ပြောဆိုသည်။
အဆိုပါကဏ္ဍအတွက် ကုန်စည်သိုလှောင်မှု ထိန်းချုပ်စီမံခန့်ခွဲသူ၊ သယ်ယူပို့ဆောင်ရေးအတွက် စီမံခန့်ခွဲမှု ကျွမ်းကျင်သူ၊ လုပ်ငန်းနှင့်ပတ်သတ်၍ ဖောက်သည်များကို အကောင်းမွန်ဆုံး ရှင်းပြနိုင်မည့် အရောင်းကျွမ်းကျင်သူနှင့် ဖောက်သည်နှင့် ကုမ္ပဏီကြား ညိုနိူင်းမှုများ ဆက်လက် လုပ်ဆောင်နိုင်မည့် Sales Support အစရှိသည့် ရာထူးများအတွက် ဝန်ထမ်းများ အဓိက လိုအပ်နေကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီများထံမှ သိရသည်။