ကျောက်မျက် အကြမ်း၊ အချောထည်များ၊ နည်းပညာများ ပါဝင်ပြသမည့် မြန်မာနိုင်ငံတကာ ကျောက်မျက်ရတနာ ပြပွဲကို မတ်လ ၂၄ မှ ၂၇ ထိ ရန်ကုန်မြို့ရှိ ကျောက်မျက်ရတနာ အရောင်းခန်းမတွင် ပြုလုပ်မည် ဟု သိရသည်။
အဆိုပါ ပြပွဲကို ၇ ကြိမ်မြောက်ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာ အပါအဝင် ထိုင်း၊ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ အမေရိကန်၊ အစ္စရေးနှင့် အိန္ဒိယ စသည့် နိုင်ငံများမှ ပြခန်း ၅၀ ဖြင့် ပြသမည် ဖြစ်ရာ ကျေက်မျက်ရတနာ အကြမ်းနှင့် အချောထည်များ၊ ပထ္တမြား၊ နီလာ၊ ပုလဲနှင့် ကျောက်စိမ်း စသည်တို့ုကို ဝယ်ယူနိုင်မည်ဟု ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်သော 7 Myanmar International Gems, Jewellery and Watch Expo 2017 စာနယ်ဇင်း မိတ်ဆက်ပွဲတွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ အသင်း အတွင်းရေးမှူး ဦးထွန်းလှအောင်က ပြောသည်။
”ကျနော်တို့က စိန်ထည်၊ ကျောက်မျက်ရတနာ၊ လက်ဝတ်ရတနာတွေ များမယ်။ နောက်ပြီး ပန်းထိမ်လုပ်တဲ့ စက်လုပ်ငန်းတွေ၊ ကျောက်မျက်စမ်းသပ်တဲ့ ကိရိယာတွေ ပြသမှာပါ။ အရင်တုန်းကတော့ တခြားနိုင်ငံကို ကျနော်တို့က တင်ပို့တဲ့ Export ပဲ ရှိတယ်။ အခုကတော့ တခြားနိုင်ငံက လာရောက် ပြသရောင်းမယ့် ပြပွဲပါ” ဟု ၎င်းက ပြောသည်။
မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များက ပြည်ပမှ လာရောက်ပြသသည့် နည်းပညာများကို လေ့လာကာ ကျောက်မျက် ရတနာ လုပ်ငန်းများ တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် တိုးတက် ထုတ်လုပ်နိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်ပြီး မြန်မာ့ ကျောက်မျက် လက်ဝတ်ရတနာများ နိုင်ငံတကာ ဈေးကွက်များသို့ ရောင်းချနိုင်ရန် ကူညီပေးမည့် ပရိုဂရမ်တခု ဖြစ်သည့် Market Spider က ကူညီပေးမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ နိုင်ငံတကာ ကျောက်မျက်ရတနာပြပွဲများကို မန္တလေးမြို့နှင့် ရန်ကုန်မြို့တွင် နှစ်စဉ် ပြုလုပ်ခဲ့ပြီး ၆ ကြိမ်မြောက် ကျင်းပခဲ့ပြီး ဖြစ်ကာ ပြပွဲများတွင် ပြည်ပနိုင်ငံ ၁၀ နိုင်ငံ က လက်ဝတ်ရတနာနှင့် ဆက်စပ်သည့် စက်ပစ္စည်းများ လာရောက် ပြသလေ့ရှိကြောင်း သိရသည်။