ဘင်္ဂလားဒေ့ရှ် ရေတပ်၏ ပထမဆုံး ရေငုပ်သင်္ဘောများ ယနေ့ တပ်တော်ဝင်မှု စတင်ပြုလုပ်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများကဆိုပါတယ်။
နာဘာဂျာတြာ နဲ့ ဂျိုဂျက်တြာ လို့ အမည်ပေးထားတဲ့ အဆိုပါ တရုတ်လုပ်ရေငုပ်သင်္ဘော ၂စီး တပ် တော်ဝင်အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂နာရီ ၁မိနစ်မှာ ပြုလုပ်ရာ ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အရှည် ၇၆ မီတာ၊ အကျယ် ၇. ၆ မီတာရှိ တရုတ်လုပ် Type 035 အမျိုးအစားများ အဆိုပါ ရေငုပ် သင်္ဘော ၂စီးဟာ ဘင်္ဂလားဒေ့ရှ် ရေတပ်မှာ စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်တယ်လို့ လည်းသိရပါတယ်။
ဒီဇယ်နှင့် လျှပ်စစ် စွမ်းအင်သုံး တရုတ်လုပ် Type 035 ရေငုပ်သင်္ဘောများကို မင့် လို့လည်း လူသိများ ပြီး ၁၉၉၀ခုနှစ်မှ ၁၉၉၉ ခုနှစ်များအကြား တရုတ်ရေတပ်အတွက် ၁၂စီးခန့် တည်ဆောက်ခဲ့ တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်က ဝယ်ယူခဲ့တဲ့ ရေငုပ်သင်္ဘေများဟာ တရုတ်ရေတပ်မှ အသုံးပြုပြီးသားများဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၀၃သန်း ဖြင့်ဝယ်ယူ ကာ ဒါလီယန်း ရေတပ်သင်္ဘောကျင်းမှာ ပြန်လည်ပြင် ဆင်ခဲ့ တာဖြစ်ပါတယ်။
ယင်းရေငုပ်သင်္ဘော ၂စီးကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၄ရက်နေ့မှာ လွှဲပြောင်းရယူကာ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ စစ်တကောင်း ဆိပ်ကမ်းသို့ ဆိုက်ရောက်လာခဲ့တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နဲ့ တရုတ်ဟာ ရေငုပ်သင်္ဘောရောင်းချရေးသာမက တခြားသော စီးပွားရေးဖွံဖြိုးတိုး တက်မှု အကူအညီများနှင့် ကာကွယ်ရေးနဲ့ ပတ်သက်၍လည်း စာချုပ်များ ချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်။
ဒေသတွင်း အင်အားကြီး တရုတ်နဲ့ အိန္ဒိယနိုင်ငံဟာ ဘင်္ဂလားပင်လယ်အော် ဒေသရှိ နိုင်ငံများ အပေါ် စစ်ရေး၊ စီးပွားရေး သြဇာလွှမ်းမိုးဖို့ ကြိုးစားနေရာ ရေငုပ်သင်္ဘော ၂စီး ဘင်္ဂလားဒေ့ရှ်က လက်ခံရယူပြီး နောက်ပိုင်းမှာ ပိုမိုပြင်းထန်လာပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံက တရုတ်လုပ် ရေငုပ်သင်္ဘောများကို ရွေးချယ်လိုက်မှုက တရုတ်ဘက်ကို ယိမ်း တဲ့ စံနမူနာဖြစ်လာပြီးနောက်မှာ အိန္ဒိယကာကွယ်ရေး ဝန်ကြီး မန်နိုဟာ ပါရီကာ ဟာလည်း ဘင်္ဂလားဒေ့ရှ်နဲ့ ကာကွယ်ရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေဖို့ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ခဲ့ပါတယ်။
အိန္ဒိယဟာ တရုတ်နဲ့ စီးပွားရေးအရ ယှဉ်ပြိုင်နိုင်မှု မရှိပေမယ့် ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ ရည်ရွယ်ထားပြီး၊ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖိုးရှိ လက်နက်ပစ္စည်းများ အကြွေး ရောင်းချလိုကြောင်းလည်း ကမ်းလှမ်းခဲ့ပါတယ်။
ဒါပေမယ့် အိန္ဒိယဟာ သူကိုယ်တိုင် လက်နက်များကို တခြားသောနိုင်ငံများ ဝယ်ယူနေရသည့် အတွက် အိန္ဒိယထုတ် လက်နက်များ၏ စိတ်ချရမှုမှာ မေးခွန်းထုတ်စရာဖြစ်နေခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် အနေနဲ့လည်း အိန္ဒိယနှင့် ပထဝီဒေသနီးစပ်မှုအရ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးထက် ပိုမိုသာနိုင်သော်လည်း ရေခွဲဝေသုံးစွဲရေး အပါအဝင် နှစ်နိုင်အကြား ပြဿနာများ၊ သံသယများ ရှိနေသေးပြီး၊ အမြဲတမ်း သဘောတူညီချက်ထက် ပျော့ပြောင်းသော နားလည်မှု စာချွန်လွှာကို ပိုမိုလိုအပ်နေပါတယ်။
တရုတ်ကတော့ သမ္မတ ရှီကျင့်ဖျင်ရဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်မှာ အမေရိကန် ဒေါ်လာ ၂၇ ဘီလျံတန်ကြေးရှိ စာချုပ် ၂၇ခု ချုပ်ဆိုထားပါတယ်။