ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုကို အသရေဖျက်ခြင်းအား ပိတ်ပင်ထားပေမယ့် မြန်မာ့နောက်ဆုံးမင်း ဆက်ကို ရုပ်ဆိုး အကျည်းတန်အောင် ရိုက်ကူးထားတဲ့“အမျိုးသမီးတဦး၏ မီးတောက်မီးလျှံ” A Lady’s Flame ဆိုတဲ့ ထိုင်းရုပ်သံဇတ်လမ်းတွဲဟာ မေးခွန်းထုတ်စရာဖြစ်နေကြောင်းသီပေါမင်း၏ မြစ်တော်စပ် သူ ဦးစိုးဝင်း၏ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းကဆိုပါတယ်။
ထိုင်းအမည် Plerng Phra Nang လို့ ပေးထားတဲ့ မြန်မာ့နန်းတွင်းရေး အားပြိုင်မှုကို အခြေခံကာ ဖော်ကျူးထားတဲ့ ဇတ်လမ်းတွဲကို ထိုင်းရုပ်သံလိုင်း Channel 7 မှ လူကြည့်များတဲ့အချိန်မှာ ထုတ်လွှင့်ပြသနေခြင်းဖြစ်ပါတယ်။
ကုန်းဘောင်နောက်ဆုံးမင်းဆက် သီပေါမင်း နန်းမတက်မီ ဖြစ်ပွားခဲ့တဲ့ နန်းတွင်းလုပ်ကြံတွေဟာ သမိုင်းအချက်အလက်ဖြစ်ပေမယ့်၊ မင်းမျိုးမင်းနွယ်တွေကို အရိုင်းအစိုင်းအဖြစ် သရုပ်ဖော်ထားတာ နဲ့ပတ်သက်ပြီး သီပေါအနွယ်တော် မိသားစုဝင်တွေ အနေနဲ့ ဒီဇတ်ကားနဲ့ ပတ်သက်လို့ စိတ်ဆိုး နေတယ်လို သီပေါမင်း၏ မြစ်တော်စပ်သူ ဦးစိုးဝင်းက ဆိုပါတယ်။
“ထိုင်းမင်းဆက်တွေအကြောင်း မြန်မာရုပ်ရှင်တွေက ရိုက်မယ်ဆိုရင် သဘောတူနိုင်မလားဆိုတာကို ကျနော်တို့ ထိုင်းတွေကို မေးခွန်းထုတ်ပါတယ်” လို့သူက ပြောပါတယ်။
ဒီဇတ်လမ်းနဲ့ ပတ်သက်လို့ အရေးမယူဘူးဆိုရင်တော့ ထိုင်းတော်ဝင်မိသားစုကို အကူအညီတောင်း မယ်လို့ ဦးစိုးဝင်းကဆိုပါတယ်။
အဆိုပါ ရုပ်သံဇတ်လမ်းတွဲကို ထိုင်း ကန်တာန ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး၊ စိတ်ကူးယဉ်မြို့တော် တခုရဲ့ နန်းတွင်းမှ အမျိုးသမီးရဲ့ ဘဝကို ရိုက်ကူးထားတာဖြစ်တယ်ဆိုပေမယ့် မြန်မာနောက်ဆုံးမင်း ဆက်ကို အခြေခံထားတာဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။
ကန်တာန ကုမ္ပဏီရဲ့ အမှုဆောင်တွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မှတ်ချက်ပေးခြင်း မရှိပေမယ့်၊ အမှုဆောင်တဦးဖြစ်တဲ့ Jitlada Disayanan ကတော့ ဒါဟာ စိတ်ကူးယဉ် သက်သက်သာဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းတို့ဟာ မြန်မာနဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေကို သရုပ်ဖော်ရာမှာ နရဲစွမ်ကနေ ဘန်ရာဂျာ ကျေးရွာသားတွေအကြောင်း ရိုက်တဲ့ ရုပ်ရှင် အထိ ကျူးကျော်သူများနေရာကထားပြီး၊ မြန်မာတို့ကို ပရိယာယ်များပြီး ဆိုးသွမ်းသည့် ပုံသရုပ်ဖော်ကာ သူတို့ကိုယ်သူတို့ မြင့်မြတ်သော စစ်သည်တော်များ၊ ပါရမီရှင်အမျိုးသမီးများအဖြစ် နေရာကထားလေ့ရှိပါတယ်။