သတင်းတို

သစ်ခိုးထုတ်နေသူ ၁၁ ဦးကို တရုတ်နိုင်ငံသား ဟုတ်မဟုတ် စိစစ်မည်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံဝိန်းကြီးနယ်မြေအတွင်း သစ်ခိုးထုတ်နေသူ ၁၁ ဦးကို တရုတ်နိုင်ငံသား ဟုတ်မဟုတ် စိစစ်ဆောင်ရွက်မည်ဖြစ်ပြီး၊ ဟုတ်မှန်ပါက လူဝင်မှုကြီးကြပ်ရေး (လဝက) ဥပဒေဖြင့် အရေးယူသွားမည်ဟု သိရသည်။

မံစီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိတဦးက “ သူတို့က တရုတ်နိုင်ငံသား ဟုတ်မဟုတ် ဒီကိုရောက်ရှိတဲ့အခါ မြို့နယ်လဝက အစီအစဉ်နဲ့ မေးမြန်းစစ်ဆေးတာ၊ စစ်ကြောတာတို့ ဆောင်ရွက်သွားမှာပါ။ ပေါ်ပေါက်တယ်ဆိုရင် လဝက ဥပဒေနဲ့ အရေးယူသွားမှာပါ။ ကျနော်တို့ ရဲဘက်အခြမ်းက သူတို့ကို သက်သေခံပစ္စည်းတွေနဲ့ ပတ်သက်ပြီး အရေးယူသွားမှာပါ” ဟု ဆိုသည်။

ဖမ်းဆီးရမိသည့် တဖက်နိုင်ငံသား ၁၁ ဦးကို ယနေ့နံနက်ပိုင်းတွင် မံဝိန်းကြီးမှ မံစီမြို့နယ် ရဲစခန်းသို့ ခေါ်ဆောင်လာပြီ ဖြစ်ကြောင်းနှင့် လတ်တလောတွင် အမှုဖွင့်လှစ် ဆောင်ရွက်ခြင်း မရှိသေးကြောင်း ၎င်းက ဧရာဝတီကို ဆက်ပြောသည်။

သစ်ခိုးထုတ်နေသည်ဆိုသော သတင်းအရ တပ်မတော်စစ်ကြောင်းက မတ်လ ၁၁ ရက် မနက်ပိုင်းတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင် တဖက်နိုင်ငံသား ၁၁ ဦးကို တရားမဝင် သစ်တင်ယာဉ် ၉၆ စီး၊ မြေကော်စက် ၂ စီးနှင့် ကရိန်းယာဉ် ၁ စီး စုစုပေါင်း ယာဉ်၊ ယန္တရားမျိုးစုံ ၉၉ စီး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် မံဝိန်းကြီး နယ်မြေရဲစခန်းသို့ လွှဲပြောင်းခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

Loading