အိန္ဒိယရေတပ်မှ Kora အမျိုးအစား ကော်ဗတ်တိုက်ရေယာဉ် INS Karmuk(P-64) နှင့် ဘန်ဂါရမ် အမျိုးအစား ကင်းလှည့်ရေယာဉ် INS Bangaram(T-65) တို့ဟာ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို မတ်လ ၁၂ရက်နေ့ နေ့ညနေမှာ ချစ်ကြည်ရေးခရီးဆိုက်ရောက်လာခဲ့ပါတယ်။
အဆိုပါ စစ်ရေယာဉ်များကို အိန္ဒိယ ရေတပ် ဗိုလ်မှူးချုပ် Ashutosh Ridhorkar ကဦးစီး၍ စုစုပေါင်း ၁၆၄ဦး လိုက်ပါလာပြီး မတ်လ ၁၄ရက်နေ့အထိ ၃ရက်ကြာ နေထိုင်မယ်လို့ သိရပါတယ်။
အိန္ဒိယဟာ မြန်မာရေတပ်နဲ့ အနီးကပ်ဆက်ဆံမှုတွေ ပိုမိုပြုလုပ်လာရာ မကြာသေးမီက မြန်မာ ရေတပ်အတွက် မိုးလေဝသတိုင်းတာရေးနှင့် ပတ်သက်သည့် ကရိယာပစ္စည်းများ ပေးအပ်ခဲ့ သလို၊ အိန္ဒိယ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆူနီးလ် လန်ဘာ လည်း ပြီးခဲ့တဲ့ နှစ်အတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပါတယ်။
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇူလိုင်လ အိန္ဒိယခရီးစဉ်မှာ ဂိုအာသင်္ဘောကျင်းကို သွားရောက်ကာ ပင်လယ်ပြင် ကင်းလှည့်ရေယာဉ် တည်ဆောက်ရေးနှင့် ပင်လယ်ရေကြောင်းနဲ့ ပတ်သက်တဲ့ စစ်ရေးဆိုင်ရာကိစ္စရပ်များကို လေ့လာခဲ့ တယ်လို့ The Diplomat မဂ္ဂဇင်း ကဆိုပါတယ်။
အိန္ဒိယနှင့် တရုတ်တို့သည် ဘင်္ဂလားပင်လယ်အတွင်းရှိ နိုင်ငံများအပေါ် အပြိုင် စည်းရုံးသိမ်းသွင်း ရန် ကြိုးစားနေပြီး၊ ဘင်္ဂလားဒေ့ရှ် ရေတပ်အတွက် ရေငုပ်သင်္ဘော ၂စီးကို တရုတ်က မကြာသေးမီက ရောင်းချပေးခဲ့တာကို တွေ့ရပါတယ်။
အလားတူ အိန္ဒိယဟာ တရုတ်ရဲ့ လွှမ်းမိုးလာမှုကို တန်ပြန်ဖို့ မြန်မာနဲ့ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ အနီးကပ်ဆက်ဆံလာသလို၊ စစ်ရေးအကူအညီများလည်း ပေးနေတယ်လို့ လေ့လာသူတွေကဆိုပါ တယ်။