ရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသည့် သူနာပြု၊ သားဖွားများ၏ အခွင့်အရေးတောင်းဆိုမှုများကို ဖြေရှင်းနိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေးသည် နိုင်ငံခြား ခရီးစဉ်မှ သတ်မှတ်ရက် မတိုင်မီ ပြန်လည်ရောက်ရှိလာပြီး ဝန်ကြီးဌာန၏ စုံစမ်းရေး အဖွဲ့နှင့် ရန်ကုန်မြို့တွင် ယနေ့ နေလယ်ပိုင်း၌ တွေ့ဆုံမည် ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးစိန်ဝင်းက ပြောသည်။
မတ်လ ၁၆ရက်နေ့က နေပြည်တော် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ ယနေ့ နံနက် ၁၀ နာရီတွင် သူနာပြု၊ သားဖွား ကိစ္စရပ်များ စုံစမ်း ဆောင်ရွက်ရမည့် အဖွဲ့နှင့် မီဒီယာများကို တွေ့ဆုံပေးမည်ဟု ပြောဆိုခဲ့သော်လည်း ရန်ကုန်မြို့တွင် ဝန်ကြီးနှင့် တွေ့ဆုံရန် ရှိသဖြင့် ယင်းအဖွဲ့ဝင်များ ရန်ကုန်မြို့သို့ ရောက်ရှိနေကြောင်း သိရသည်။
စုံစမ်းရေးအဖွဲ့တွင် ကုသရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဌေးအောင်က အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူ ထားပြီး ရန်ကုန်တိုင်း ကုသရေးဦးစီးဌာန ဦးစီးမှူး၊ ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူး (သူနာပြု)၊ ကျန်းမာရေး လူ့စွမ်းအား အရင်း အမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူး (သူနာပြု)၊ လက်ထောက်ညွှန်ကြားရေးမှူး (သူနာပြု)၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်း ဥက္ကဋ္ဌများ အပါအဝင် စုစုပေါင်း ၇ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
ရန်ကုန်မြို့၌ ဆန္ဒပြတောင်းဆိုမှုတွင် ပါဝင်ခဲ့သော ခေါင်းဆောင်များကို ကျောင်းထုတ်သည်အထိ အရေးယူမည်ဆိုသည့် ကိစ္စမှာ ဝန်ကြီး၏ သဘောထားအပေါ် မူတည်နေပြီး သူနာပြုသားဖွား လိုင်စင်ကိစ္စ၊ သူနာပြု၊ သားဖွားများကို ဒုဦးစီးမှူး လစာနှုန်းထား ရရှိရေးနှင့် အခြားသက်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမည်ဟု သိရသည်။
ဆွေးနွေးပွဲ အခြေအနေ သိရှိနိုင်ရန် နေပြည်တော်ရှိ သူနာပြု၊ သားဖွားများသည် ဝန်ကြီးရုံးသို့ လာရောက်ကြပြီး အဖြေတခုရသည်အထိ စောင့်ဆိုင်းမည်ဟု ၎င်းတို့က မီဒီယာများသို့ ပြောသည်။