မြောက်ကိုရီးယားအပေါ် စစ်ရေးအရ အရေးယူခြင်းကို အဆင့်သင့်ရှိနေသည့် ရွေးချယ်စရာ နည်းလမ်း တခုအဖြစ် ထားရှိမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ရက်ဇ် တဲလားဆွန်းက ပြောလိုက်ပါတယ်။
အမေရိကန်အနေဖြင့် မြောက်ကိုရီးယား၏ နျူကလီးယား နှင့် ဒုံးပျံစမ်းသပ်မှုများကို စိတ်ရှည်ရှည် ထားကာ ကိုင်တွယ်သည့် မူကို ကျင့်သုံးတော့မည်မဟုတ်ပဲ စစ်ရေးအရ အရေးယူခြင်းကို အဆင်သင့် ရှိနေသော ရွေးချယ်စရာ နည်းလမ်းတခုအဖြစ် ထားရှိကာ သံတမန်ရေး၊ လုံခြုံရေးနှင့် စီးပွားရေး နည်းလမ်းများနှင့် ပါ ပူးတွဲဆောင်ရွက်မည်ဟုလည်း နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တဲလားဆွန်းက ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တဲလားဆွန်းဟာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားအကြားရှိ စစ်မဲ့ဇုန်ကို သွားရောက်လည်ပတ်ပြီးနောက်မှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
အမေရိကန်အနေနဲ့ သည်းခံနိုင်မှု ကုန်ဆုံးသွားပြီလို့လည်း ဆိုလိုက်သလို၊ တောင်ကိုရီးယားနိုင်ငံမှာ ဖြန့်ချထားတဲ့ အမေရိကန် ဒုံးပျံကာကွယ် ရေးစနစ်နဲ့ ပတ်သက်လို့လည်း ကာကွယ်ပြောဆိုသွား ပါတယ်။
ဒီ ဒုံးပျံကာကွယ်ရေးစနစ် တောင်ကိုရီးယားမှ ချထားတာနဲ့ ပတ်သက်လို့ တရုတ်ပြည်က ကန့်ကွက် နေချိန်မှာ တောင်ကိုရီးယားရော အမေရိကန်ကပါ ဒီ ဒုံးပျံကာကွယ်ရေးစနစ်ဟာ မြောက်ကိုရီးယား ရန်ကနေ ကာကွယ်ဖို့ လိုအပ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
သမ္မတသစ် ဒေါ်နယ်ထရမ့်ရဲ့ အစိုးရ လက်ထက်မှာ အမေရိကန်ကာကွယ်ရေး ဝန်ကြီးတဦးအနေနဲ့ ပထမဆုံး အာရှ ၃နိုင်ငံ ခရီးစဉ်မှာ ဂျပန်ကနေ တောင်ကိုရီးယားကို ရောက်ရှိလာတာဖြစ်ပါတယ်။