ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ မြန်မာနိုင်ငံအပေါ် ကြေညာချက်နဲ့ ပတ်သက်ပြီး ရုရှားနဲ့ တရုတ်က ကန့်ကွက်တဲ့အတွက် သဘောတူညီချက်မရခဲ့ဘူးလို့ Reuters သတင်းကဆိုပါတယ်။အဖွဲ့ဝင် ၁၅နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ရခိုင်ပြည်နယ်က အခြေအနေတွေ နဲ့ စစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းရေး လုပ်ငန်းတွေအပေါ် မနေ့ကဆွေးနွေးခဲ့ကြခြင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် အောက်တိုဘာလအတွင်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုအပြီး စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်တယ်ဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးရဲ့ စွပ်စွဲချက် ထွက်ပေါ်လာပြီးနောက်မှာ အခုလိုဆွေးနွေးတာဖြစ်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးမှာ မြန်မာ့အရေး ဆွေးနွေးဖို့ ဗြိတိန်နိုင်ငံ တောင်းဆို ခဲ့တာဖြစ်ပြီး ဆွေးနွေးမှုအပြီး တရုတ်နဲ့ ရုရှားက ကန့်ကွက်ခဲ့တာဖြစ်တယ်လို့ Reuters သတင်းက ဆိုပါတယ်။
ကြေညာချက်ထုတ်ပြန်ဖို့အတွက် အားလုံးရဲ့ သဘောတူညီမှုလိုအပ်ပြီး၊ ကြေညာချက် မူကြမ်းထဲမှာတော့ မြန်မာနိုင်ငံက တချို့သောဒေသတွေမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတာကို စိုးရိမ်ပူပန်ကြောင်းနဲ့ တိုက်ပွဲ ဖြစ်ပွားရာနေရာတွေကို လူသားချင်းစာနာမှု အကူအညီတွေ အမြန်ဆုံးပေးနိုင်ဖို့ အရေးကြီးကြောင်း ဖော်ပြ ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှု ဖြစ်ပွားအပြီး စစ်တပ်က နယ်မြေရှင် လင်းရေး လုပ်ဆောင်ရာမှာ ဒေသတွင်းရှိ မွတ်ဆလင် ၇၅၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး သွားတယ်လို့ လည်းဆို ပါတယ်။
ဥရောပသမဂ္ဂ(EU) ကလည်း မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖို့ နိုင်ငံတကာအဖွဲ့ကို ချက်ခြင်းစေလွတ်ဖို့ ကုလသမဂ္ဂကို တောင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းဝေး နောက်ပိုင်းမှာ ရခိုင်အရေးကို မြန်မာအစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံအစိုးရတွေရဲ့ စိုးရိမ်မှုတွေ တိုးလာနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဟာ မျှတမှုမရှိ ဆက်ဆံခံနေရတယ်လို့ နေပြည်တော်မှာ သံတမန်တွေကို ပြောကြားခဲ့ပါတယ်။