၂၀၁၃ ခုနှစ်က တရုတ်နိုင်ငံ အရှေ့ပိုင်း၌ တလနီးပါးကြာမျှအုံ့ ဆိုင်းနေသော လေထု ညစ်ညမ်းမှုမှာ ထိုနှစ်မတိုင်မီ ဆောင်းရာသီက အာတိတ် သမုဒ္ဒရာမှရေခဲပြင်ဆုံးရှုံး မှုနှင့်ဆက်စပ်နေကြောင်း သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့သည်။
သိပ္ပံပညာရှင်များ၏ လေ့လာမှု တခုအရ အရည်ပျော်နေသော ရေခဲများနှင့် နှင်းများပိုမိုကျ ရောက်ခြင်း တို့က လေ၏ လှည့်ပတ်မှု ပုံစံကို ပြောင်းလဲစေသောကြောင့် မီးခိုးမြူများသည် အလွန်ပိုမိုရှည်ကြာစွာ အုံ့ဆိုင်နေတတ်သည်ဟု ဆိုသည်။
ရာသီဥတု ပြောင်းလဲမှုကြောင့် အာတိတ်ရေခဲပြင် ဆက်လက်ကျုံလာပါက အလားတူဖြစ်ရပ်များ ထပ်မံဖြစ်ပေါ်လာနိုင် သည်ဟု သိပ္ပံပညာရှင်များက ဆိုလိုက်ပြီး၊ ၂၀၂၂ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ဘေဂျင်းဆောင်းရာသီ အိုလံပစ်ပွဲ ကို ခြိမ်းခြောက်နိုင်သည်ဟု လည်း ပြောသည်။
လေထုအရည်အသွေး ပြဿနာက တရုတ်နိုင်ငံကို ဒုက္ခပေးနေသော်လည်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလက ဖြစ်ခဲ့သည့် လွန်စွာရှည်ကြာသည့် လေထု ညစ်ညမ်းမှုကမူ ထူးခြားသည်ဟု ဆိုနိုင်ပေသည်။
ထိုစဉ် တရုတ်ပြည်ပေါ်တွင် ဖြစ်ပေါ်ခဲ့သည့် အတိုင်းအတာ ကြီးမားသော မီးခိုးမြူများသည် တလနီး ပါး ကြာမြင့်ခဲ့ပြီးနောက် အဓိက တရုတ်မြို့ကြီး ၇၄ မြို့တွင် အလွန်သေးငယ်သည့် အမှုန်ပါဝင်မှု စံချိန်မြင့်တက်ခဲ့ပြီး ပြင်းထန်သော ကျန်းမာရေး အန္တရာယ်ဖြစ်စေသည်ဟု သိရသည်။
တရုတ်အစိုးရက လေထုညစ်ညမ်းမှု လွန်စွာဖြစ်စေသော ကျောက်မီးသွေးဓာတ်အားပေး စက်ရုံများမှ ဓာတ်ငွေ့ထုတ်လွှင့် မှုကို ထိန်းချုပ်ရန် ကြိုးစားနေသည့်ကြား ထိုဖြစ်ပေါ်မှုက သုတေသီများအတွက် ပဟေဠိဖြစ်စေခဲ့သည်။
၂၀၁၂ ခုနှစ် နှောင်းပိုင်းတွင် အာတိတ်ရေခဲပြင် စံချိန်တင်ဆုံးရှုံးမှုနှင့် ဆိုက်ဗေးရီးယားဒေသတွင် နှင်းများအကြီး အကျယ် ကျဆင်းခြင်းတို့က လေကြောင်းကို အဟန့်အတားဖြစ်စေပြီး၊ တရုတ်နိုင်ငံ အရှေ့ဘက်လွင်ပြင်ဒေသ တွင် လေထုတုံ့ဆိုင်းမှုဖြစ်စေသည်ဟု သုတေသီများကပြောသည်။
ထိုသို့ သုတေသနပြုရာတွင် ပါဝင်သည့် ဂျောဂျီယာ နည်းပညာတက္ကသိုလ်မှ ပါမောက္ခ ယူဝန်ဟန်က “ဆောင်း ရာသီမှာ ဘေဂျင်းလိုဒေသတွေက အနောက်မြောက်ကနေ လေပြင်းတွေရတယ်၊ လေဖိအားစနစ်တခုက တောင်ဘက်ကို ရွေ့လျားနေတဲ့ လေအေးတွေရဲ့ တည်နေရာနဲ့ ပြင်းအားကို ထိန်းချုပ်တယ်၊ ရေခဲပြင်နဲ့ နှင်းတွေ က ဒီလေဖိအားစနစ်ကို ချိနဲ့ သွားစေပြီး၊ အရှေ့ဘက်ကို ရွေ့သွားစေတယ်၊ အဲဒီတော့ တရုတ်အရှေ့ပိုင်းကို တိုက်ရမယ့် လေက ၂၀၁၃ဇန်နဝါရီမှာ ဂျပန်နဲ့ တောင်ကိုရီးယားကို ရောက်သွားတယ်”ဟု ရှင်းပြသည်။
ထိုသုတေသနအဖွဲ့သည် လွန်ခဲ့သည့် ၃၅နှစ်အတွင်း လေဝင်ထွက်မှု အခြေအနေများကို လေ့လာခဲ့ပြီး ၂၀၁၃ ခုနှစ်က တွေ့ခဲ့ရသော လေပျံနှံ့မှု ညံဖျင်းခြင်းသည် ထူးခြားကြောင်း ပြသနိုင်ခဲ့ကြသည်။
ထို့နောက် သုတေသီများသည် လေဝင်လေထွက်မှု အပေါ် အကျိုးသက်ရောက်သည့် အခြားသော ရာသီဥတု ဆိုင်ရာအချက်များကိုလည်း လေ့လာခဲ့ပြီး အာတိတ်ရေခဲပြင် ဆုံးရှုံးမှုနှင့် ယူရေရှားရှိ သစ်တောများအပေါ် နှင်းကျခြင်းတို့သည် ထိုကြာမြင့်စွာ မြူထူထပ်ခဲ့ရသည့် အကြောင်းအရင်း ဖြစ်ကြောင်းသိရသည်။
ထိုအချက် ၂ချက်အနက် မည်သည်က မည်မျှ အတိုင်းအတာအထိ သက်ရောက်သည်ကို ၎င်းတို့မသိကြပေ။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုသည် ဆက်လက်ဖြစ်ပေါ်နေမည် ဖြစ်သောကြောင့် အာတိတ်ရေခဲပြင် ဆက်လက် လျော့ကျကာ ထိုကာလာရှည်ကြာစွာ မြူဆိုင်းခြင်း ဆက်လက်ဖြစ်ပေါ်နေပြီး ၂၀၂၂ ခုနှစ်တွင် တရုတ်တွင် ကျင် ပမည့် ဆောင်းရာသီ အိုလံပစ်ပွဲကို ခြိမ်းခြောက်နိုင်သည်ဟု ဆိုသည်။
အစိုးရက ဓာတ်ငွေ့ထုတ်လွှတ်မှုကို အရင်လေးနှစ်က အတိုင်း မလျော့ချရင် ပိုဆိုးတဲ့ လေထုညစ်ညမ်းမှုကို တွေ့ရမှာပဲ”ဟု ယူဝန်ဂန်က ပြောသည်။
တရုတ်နိုင်ငံ အနေဖြင့် ဓာတ်ငွေ့ထုတ်လွှင့်မှု လျောချနိုုင်စေကာမူ အာတိတ်ရေခဲ့များ အရည်မပျော်ရေးမှာမူ ကမ္ဘာတဝှန်း အားထုတ်ရန်လိုကြောင်း သုတေသီများက ပြောသည်။