သတင်းတို

စမွတ်ပရာကန် လူသတ်မှု အဓမ္မကျင့်ရန် ကြံစည်ရာမှ ဖြစ်ပွားခြင်းဟုဆို

ထိုင်းနိုင်ငံ စမွတ်ပရာကန် မြို့နယ် တွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား အချင်းချင်းအကြား ဖြစ်ပွားခဲ့သော လူသတ်မှုသည် အဓမ္မကျင့်ရန် ကြံစည်ရာမှ ဓားဖြင့်ထိုးမိခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

စမွတ်ပရာကန်မြို့နယ်ရှိ အလုပ်သမား ငှားနေဆောင်တွင် နေထိုင်သော အသက် ၂၁ နှစ်အရွယ် မစုစုဇင် နေထိုင်ရာ  အခန်းတွင် မတ်လ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မစုစုဇင် က သေဆုံးသူသည် ၎င်းအား အဓမ္မကျုးလွန်ရန် လုပ်ဆောင်ရာမှ ခုခံကာကွယ်ရင်း ဓားဖြင့်ထိုးခဲ့မိခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ထွက်ဆိုထားသည်ဟုဆိုသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး လိုက်ပါဆောင်ရွက်ပေးနေသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီစောင့်ရေး အဖွဲ့ (AAC) မှ ဦးရဲမင်း က “ကောင်မလေးက မနက် အလုပ်သွားခါနီး ရေချိုးပြီး အဝတ်စား လဲနေတဲ့ အချိန် ကောင်လေးက ရုတ်တရက် ဝင်လာပြီး အဓမ္မကျင့်ဖို့ကြံတာပါ။ ကောင်မလေးက ကြောက်လန့်ပြီး ကြက်သွန်လှီးဓားနဲ့ ထိုးလိုက်တာ လည်ပင်း ထိုးမိပြီး ပွဲချင်းပြီးသေသွားတာ” ဟု ဧရာဝတီသို့ ရှင်းပြသည်။

မစုစုဇင်သည် စမွတ်ပရာကန် မြို့နယ်ရှိ အထည်ချုပ် စက်ရုံတွင် အလုပ်လုပ်ကိုင်သူဖြစ်ပြီး အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ စမွတ် ပရာကန် ခရိုင် ဘန်ဆောင့်ထုန် နယ်မြေရဲစခန်းတွင် လူသေမှုဖြင့် အမှုဖွင့်ခံထားရသည်ဟု သိရသည်။

ဦးရဲမင်းက “ကောင်မလေးရဲ့ မျက်နှာချင်းဆိုင် အခန်းမှာ သူ့အမနေတယ်။ သူ့အမက အိမ်ထောင်နဲ့ဆိုတော့ ကောင်မလေးက တယောက်တည်း အခန်းခွဲနေတာ။ ကောင်လေးနဲ့ သူနဲ့က ပတ်သက်မှု မရှိဘူးလို့ပြောတယ်” ဟု ဆိုသည်။

မစုစုဇင်အား ဘန်ဆောင့်ထုန် နယ်မြေရဲစခန်းမှ ဘတ် ၅ သောင်း ပေး၍ အာမခံဖြင့် ထုတ်ထားကြောင်း၊ အမှုကတော့ ရင်ဆိုင်ရဦးမည်ဖြစ်ကြောင်း ဦးရဲမင်းကပြောသည်။

“ကောင်မလေးကတော့ လောလောဆယ် ကြောက်လန့်နေတုန်းပဲ။ ရဲစခန်းကတော့ လူသေမှုနဲ့ ဖွင့်ထားတဲ့ အတွက် အာမခံပေးထားပါတယ်။ ကျနော်တို့အနေနဲ့လည်း ဒီကလေးမလေး အမှုကို တတ်နိုင်သလောက် အမှုပေါ့အောင် ကြိုးစားပေးသွားမှာပါ” ဟု ဦးရဲမင်း က ပြောသည်။

Loading