သတင်းတို

လမ်း ၅၀ တွင် အနုကြမ်းစီးမှုဖြစ်ပွား

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် လမ်း ၅၀ အောက်ဘလောက်ရှိ New Wave Services Co.,ltd တွင် မတ်လ ၂၁ ရက်နေ့ မနက် ၈ နာရီခန့်က အနုကြမ်းစီးမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါလမ်းထဲရှိ မျက်မြင်တွေ့ရှိသူများက ပြောသည်။

လမ်း ၅၀ အောက်ဘလောက် အိမ်အမှတ် ၁၅၊ ၅ လွှာတွင် ဖွင့်လှစ်ထားသော အဆိုပါ ကုမ္ပဏီမှ အသက် ၆၀ ဝန်းကျင်ရှိ ဦးမင်းဆွေ ဆိုသူက ယနေ့မနက် ၅ နာရီခန့်က ရုံးသို့ လာရောက်ခဲ့ပြီးနောက် မနက် ၈ နာရီခန့်တွင် အနုကြမ်းစီးခံရကြောင်း အခန်း ဝရန်တာမှ တဆင့် အော်ဟစ် အကူအညီတောင်း၍ သိရခြင်းဖြစ်ကြောင်း လမ်းတွင်းနေထိုင်သူများက ပြောသည်။

မျက်နှာချင်းဆိုင်တိုက်တွင်နေထိုင်သူတဦးက ” မနက် ၈ နာရီလောက်က သူထွက်အော်တော့မှ ကျနော်တို့လည်း သိရတာ။ သူ့မှာလဲ သွေးတွေနဲ့။ ကြိုးနဲ့လည်း အတုပ်ခံထားရတယ်ပြောတယ်”ဟု ပြောသည်။

လတ်တလောတွင် ဦးမင်းဆွေကို အခင်းဖြစ်စဉ် ရရှိသည့်ဒဏ်ရာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားကြောင်း ကုမ္ပဏီ ဒါရိုက်တာဖြစ်သူ ကိုမျိုးခိုင်ထွန်း ပြောသည်။

အခင်းဖြစ်စဉ် ပျောက်ဆုံးမှုများနှင့်ပတ်သက်၍ စစ်ဆေးဆဲဖြစ်ကြောင်းလည်း ဗိုလ်တထောင်ရဲစခန်းမှ သိရသည်။

Loading